လှိုင်းဘွဲမြို့တွင် နေအိမ်ကို ဓာတ်ဆီပက်မီးရှို့ကာ လူသတ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်

လှိုင်းဘွဲမြို့တွင် နေအိမ်ကို ဓာတ်ဆီပက်မီးရှို့ကာ လူသတ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်

လှိုင်းဘွဲမြို့နယ် အလမ်းကြီးကျေးရွာတွင် နေအိမ်ကို ဓာတ်ဆီပက်မီးရှို့ကာ လူသတ်မှုကျူးလွန်ခဲ့ သည် ဆိုသူကို သက်ဆိုင်ရာ နိုဝင်ဘာ ၇ ရက်က ဖမ်းဆီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၈နာရီ ၄၅ အချိန် လှိုင်းဘွဲမြို့နယ် အလမ်းကြီးကျေးရွာနေ ဦးရီစိုး (၄၂ နှစ်)မှာ နေအိမ်ကို ဓါတ်ဆီပက်ပြီး မီးဖြင့်ရှို့နေသဖြင့် တိုင်ကြားသူ၏  ဖခင်ဦးဝမ်းမောင်က တားဆီး၍ မီးငြှိမ်း သတ်ခဲ့သည်။

ထိုသို့ တားဆီးစဉ် ရီစိုးက အသင့်ပါလာသော အရိုး/ အသွား ၁၄ လက်မခန့်ရှိ ဓားချွန်ဖြင့်ထိုး သောကြောင့် ဖခင်ဖြစ်သူ ဦးဝမ်းမောင်တွင် ချိုင်းအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိကာ အခင်းဖြစ် နေရာ တွင် သေဆုံးသွားခဲ့သည်။

ထိုသို့ သေဆုံးခဲ့သော်လည်း ရီစိုး က ရွာအတွင်းရှိ  ဓါတ်ဆီဆိုင်မှ ဓါတ်ဆီ ၂ ပုလင်း သွားရောက် ယူဆောင်၍ ထပ်မံမီးရှို့ခဲ့ရာ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် ၁ လုံး၊ ဂိုဒေါင် ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ မီးစက် ၃ လုံး၊ ရေစုပ်စက် ၁ လုံး၊ ဆန်ကွဲကြိတ်စက် ၁ လုံး၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားခန့်၊ ငွေကျပ် ၄၀ သိန်းခန့်နှင့် အခြားပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သောကြောင့် အရေးယူပေးရန် သေဆုံးသူ၏ သမီးဖြစ်သူက တိုင်ကြားခဲ့သည်။

ရွှေဂွန်းနယ်မြေရဲစခန်း(ပ)၂၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၃၆ အရအမှုဖွင့်အရေးယူထားသည်။