ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်လွှတ်တော်ရုံးအဆောက်အအုံသစ်ကို ငွေကျပ် သန်း ၇၇၀ဝ ကျော်အသုံးပြု၍ တည်ဆောက်လျက်ရှိရာ လာမည့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း တွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။
အနည်းငယ်သာကျန်
အဆိုပါလွှတ်တော်ရုံးအဆောက်အအုံသစ်ကို ချင်းဦးစီးရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ပြန်လည်စွန့်လွှတ်ထားသည့် မြေနှစ်ဧကပေါ်တွင် ၂၀၁၇ ခုနှစ် သြဂုတ် ၁၈ ရက်က ပန္နက်ရိုက်ကာ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ လွှတ်တော်ရိပ်သာ၊ ပေ ၄၀ အကျယ် ကွန်ကရစ်လမ်း၊ ခြံစည်းရိုး၊ မီးကြိုးသွယ်တန်းမှု၊ လုံခြုံရေးကင်မရာတပ်ဆင်ရန်နှင့် Sound System ပိုင်းများလုပ်ဆောင်ရန် အနည်းငယ်သာကျန်ရှိတော့ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောဆိုသည်။
တစ်မူထူးခြား
"ပြည်နယ်လွှတ်တော်အဆောက်အအုံတည်ဆောက်မှုလုပ်ငန်းအားလုံးနီးပါးတော့ ပြီး သလောက် ရှိနေပါပြီ။ နောက်ထပ် ဆက်လုပ်ဖို့ရှိသေးပေမယ့် လာမယ့်နှစ် ဇန်နဝါရီလလောက် မှာဖွင့်ဖို့ မှန်းထားပါတယ်။ ဒီလွှတ်တော်ရုံးသစ်တည်ဆောက်ပြီးရင် မြန်မာနိုင်ငံမှာရှိတဲ့ တခြား လွှတ်တော်အဆောက်အအုံတွေထက်ပိုပြီး တစ်မူထူးခြားတဲ့ အဆောက်အအုံတစ်ခုအဖြစ်နဲ့ မြင်တွေ့ရမှာပါ"ဟု ၎င်းက ပြောဆိုသည်။
သုံးထပ်အဆောက်အအုံ
အဆိုပါလွှတ်တော်အဆောက်အအုံကို ကြမ်းခင်းဧရိယာ စတုရန်းပေ ၇၅၀ဝ၀ ရှိ မြေနေရာ ပေါ်တွင် သံကူကွန်ကရစ်အမျိုးအစားသုံးထပ်အဆောက်အအုံဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုလွှတ်တော်ရုံးသစ်တွင် သတင်းမီဒီယာသမားများ သတင်းယူနိုင်မည့်သီးသန့်ခန်း၊ ကော်မတီ အစည်းအဝေးခန်းမ၊ ရိပ်သာနှင့် ကားရပ်ရန်နေရာများပါဝင်ကြောင်း သိရသည်။
















