သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့လယ်တွင် ကားတစ်စီးကို မီးရှို့ကာ လူသုံးဦးကို ဓားဖြင့်တိုက်ခိုက်ခဲ့သူကို ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။
နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်၌ ဓားဖြင့်တိုက်ခိုက်ခံရသူတစ်ဦးသေဆုံးကာ ရဲများပစ်ခတ်မှုကြောင့် တိုက်ခိုက်သူလည်း ဒဏ်ရာအပြင်းအထန်ရရှိကာ ဆေးရုံတင်ကုသထားကြောင်း သိရသည်။
တိုက်ခိုက်မှုသည် အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှု ဟုတ်မဟုတ် ပြောဆိုရန် အချိန်စောလွန်းသေးကြောင်း သြစတြေးရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
ဒေသစံတော်ချိန် ညနေ ၄ နာရီမိနစ် ၂၀ တွင် ဘတ်ခ်လမ်းအနီး၌ ကားတစ်စီး မီးလောင်နေကြောင်း သတင်းရရှိခဲ့၍ ရဲတပ်ဖွဲ့ဝင်များသွားရောက်ခဲ့ချိန်တွင် ဓားကိုင်ထားသည့်လူတစ်ဦး သောင်းကျန်းနေသည်ကိုတွေ့ခဲ့ရကြောင်း၊ လမ်းသွားလမ်းလာသုံးဦးကို တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကြောင့် လက်နက်ချရန် ပြောဆိုသော်လည်း မရ၍ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းပြောဆိုခဲ့သည်။
လူမှုကွန်ရက်ပေါ်တွင် ကားမီးလောင်နေပုံနှင့် တိုက်ခိုက်သူအား ရဲများဖမ်းဆီးနေပုံများလည်း ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

















