ကယ်လီဖိုနီးယားဂီတဘားသေနတ်သမား၊ မရင်းတပ်သားဟောင်းဖြစ် စိတ်ကျန်းမာရေးပြဿနာရှိဖူးကာ မိခင်နှင့်အတူ နေထိုင်သူဖြစ်ဟုဆို

ကယ်လီဖိုနီးယားဂီတဘားသေနတ်သမား၊ မရင်းတပ်သားဟောင်းဖြစ် စိတ်ကျန်းမာရေးပြဿနာရှိဖူးကာ မိခင်နှင့်အတူ နေထိုင်သူဖြစ်ဟုဆို

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ပြင် သောင်ဆန်အုတ်မြို့ငယ်လေးရှိ ဂီတဘားတစ်ခုတွင် နိုဝင်ဘာ ၇ ရက်အနှောင်းပိုင်းက ဝင်ရောက် ပစ်ခတ်ခဲ့သူဟု သံသယရှိသေနတ်သမားသည် အသက် ၂၈ နှစ်အရွယ် မရိန်းတပ်သားဟောင်း အိုင်ယန်ဒေးဗစ်လောင်း ဖြစ်ပြီး ၄င်းသည် စိတ်ကျန်းမာရေးပြဿနာရှိခဲ့ဖူးကာ ဇနီးနှင့် ပြတ်စဲထားလျက် မိခင်နှင့်အတူ နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

၄င်းသည် ဘားဆိုင်အတွင်း မီးခိုးဗုံးဖောက်ခွဲကာ ကျည်အိမ်အရှည်တပ်ဆင်ထားသည့် ဒဿမ ၄၅ ကျည်သုံး ဂလော့ ပစ္စတိုတစ်လက်ဖြင့် ပစ်ခတ်ခဲ့၍ ရဲအရာရှိတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၄င်းကိုယ်၄င်းလည်း ပစ်ခတ်သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။

လောင်းနှင့်မိခင်တို့ ရန်ဖြစ်သည့်အသံကိုကြားရလေ့ရှိကြောင်း အိမ်နီးချင်းများက ပြောဆိုခဲ့ပြီး မွေးမြူရေးခြံသဖွယ်ဖြစ်သည့် ၄င်းတို့အိမ်သို့ လွန်ခဲ့သည့်ဧပြီလက ရဲတပ်ဖွဲ့ဝင်များ တစ်ကြိမ်လာရောက် စစ်ဆေးခဲ့ဖူးကြောင်း၊ လောင်းတွင် စိတ်ကျန်းမာရေးပြဿနာရှိကြောင်း၊ သို့သော် ရဲများစစ်ဆေးချိန်က စိတ်အခြေအနေသည် အရေးယူရလောက်အောင် မဆိုးရွားသေးဟုဆိုသည်။

လောင်းသည် အသက် ၁၈ နှစ်၌ မရိန်းတပ်သို့ဝင်ရောက်ခဲ့ပြီး ၁၉ နှစ်အရွယ် ၂၀ဝ၉ ခုနှစ်၌ ဟိုနိုလူလူတွင် လက်ထပ်ခဲ့ကာ ၂၀၁၁ ခုနှစ်၌ ဇနီးနှင့်ကွဲကွာခဲ့ကြောင်း၊ စစ်သက်ငါးနှစ်နီးပါးအတွင်း အာဖဂန်နစ္စတန်တွင် ခုနစ်လ တာဝန်ကျခဲ့ပြီး တပ်ကြပ်အဆင့်ဖြစ် ၂၀၁၃ ခုနှစ်တွင် တပ်မှကောင်းမွန်စွာ နှုတ်ထွက်ခွင့်ရခဲ့သူဖြစ်သည်။

ယင်းနောက် လောင်းသည် ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် ၂၀၁၆ ခုနှစ်အထိ တက်ရောက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၈ လခန့်က လောင်း၏ခြံဘက်မှ သေနတ်သံဟုယူဆရသည့်အသံကို အိမ်နီးချင်းများ ကြားခဲ့ရဖူးကြောင်း သိရသည်။

လောင်းသည် စစ်ဘက်အမှုထမ်းထူးချွန်ပြီး ဆုတံဆိပ်များစွာ ရရှိခဲ့သူဖြစ်ကြောင်း မရိန်းတပ်ကထုတ်ပြန်ခဲ့သည်။ မည်သည့်စေ့ဆော်ချက်၊ ရည်ရွယ်ချက်နှင့် ပစ်ခတ်မှုကျူးလွန်ခဲ့ရသည်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲဖြစ်သည်။