နိုဝင်ဘာ ၁၁ ရက်တွင် ကျရောက်မည့် ပိုလန်လွတ်လပ်ရေးနေ့တွင် အမျိုးသားရေးဝါဒီများက ချီတက်ရန်ပြင်ဆင်ထားခြင်းကို ဝါဆောမြို့တော်ဝန်က ပိတ်ပင်ထားရာ ပိုလန်တရားရုံးတစ်ရုံးက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ကာကွယ်ပေးထားကြောင်း ပြောဆိုကာ ပိတ်ပင်ချက်ကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
ပထမကမ္ဘာစစ်ပြီးနောက် ပိုလန်လွတ်လပ်ရေးရရှိမှု နှစ် ၁၀ဝ ပြည့်အထိမ်းအမှတ်အဖြစ် ဝါဆောမြို့၌ ချီတက်ပွဲများကို နှစ်စဉ်ပြုလုပ်လေ့ရှိခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ လူမျိုးရေးမုန်းတီးမှုအခြေခံ ဆန္ဒပြမှုများနှင့် ၎င်းတို့ကို တန်ပြန်ဆန္ဒပြမှုများရှိလာနိုင်သောကြောင့် ဝါဆောမြို့တော်ဝန်က ချီတက်ပွဲမပြုလုပ်ရဟု ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ်တွင် လူ ၆၀ဝ၀ဝ ခန့်ပါဝင်ချီတက်ခဲ့ပြီး လူမျိုးရေးခွဲခြားသောစာများရေးထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ကာ သွေးမနှောသော ဥရောပ၊ လူဖြူများသာနေထိုင်သော ဥရောပ ကဲ့သို့ ကြွေးကြော်သံများကို ရွတ်ဆိုခဲ့ကြသည်။ အစွန်းရောက်အမျိုးသားရေးဝါဒကြောင့် ဝါဆောထိခိုက်နစ်နာခဲ့ရပြီးဖြစ်ကြောင်း မြို့တော်ဝန် ဟန်နာ ဂရွန်ကီဗစ်ဝေါ့စ်က ပြောဆိုခဲ့သည်။
ယခုနှစ်ချီတက်ပွဲတွင် အစိုးရအရာရှိများပါဝင်ပြီး လှုံ့ဆော်မှုပါဝင်သော ကတ်ပြားများကိုကိုင်ဆောင်ခြင်း၊ အမုန်းစကားပြောဆိုခြင်းများမပြုလုပ်ရန် ပိုလန်အစိုးအရာရှိများက အမျိုးသားရေးဝါဒီများကို တိုက်တွန်းခဲ့သော်လည်း နှစ်ဖက်စလုံးသည် သဘောတူညီမှုမရရှိခဲ့ချေ။
နိုဝင်ဘာ ၁၁ ရက်တွင် သမ္မတ အန်ဒရေ ဒူဒါ၊ ဝန်ကြီးချုပ်နှင့် အခြားထိပ်တန်းခေါင်းဆောင်များပါဝင်သော အတန်းအစားစုံပါဝင်သည့် ချီတက်ပွဲကိုပြုလုပ်မည်ဖြစ်ကြောင်း အစိုးရကထုတ်ပြန်ထားသည်။ မကြာသေးမီရက်များအတွင်း လစာတိုးမြှင့်ပေးရန် တောင်းဆိုမှုကိုဖြည့်ဆည်းခြင်းမရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များစွာ အလုပ်မတက်ဘဲ သပိတ်မှောက်ခဲ့သဖြင့် ချီတက်ပွဲလုံခြုံရေးအတွက် စိုးရိမ်စရာများရှိနေခဲ့သည်။ ယင်းကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက လုံခြုံရေးကိုတာဝန်ယူပေးပါရန် အစိုးရက တောင်းဆိုထားရသည်။
တရားရုံး၏ဆုံးဖြတ်ချက်ကို လေးစားသော်လည်း အယူခံဝင်မည်ဖြစ်ကြောင်း ဝါဆောမြို့အုပ်ချုပ်ရေးအဖွဲ့၏ပြောခွင့်ရှိသူ ဘာတော့စ် မီဇာဇင့်ကပြောဆိုခဲ့သည်။ ချီတက်မှုအတွင်း အစွန်းရောက်လုပ်ရပ်မှန်သမျှကို အရေးယူနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မာတီယပ်စ် မောရာဗီစကီးက နိုဝင်ဘာ ၈ ရက်တွင်ပြောဆိုခဲ့သည်။

















