ဂျပန်ရုပ်သံဌာနတစ်ခုသည် ကိုရီးယားနာမည်ကျော် အဆိုတော်အဖွဲ့ ဘီတီအက်စ်နှင့် ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတင်ဆက်ရန် စီစဉ်ထားခဲ့ရာ အဖွဲ့ဝင်တစ်ဦးက အဏုမြူဗုံးပေါက်ကွဲနေပုံပါသည့် တီရှပ်အင်္ကျီကိုဝတ်ဆင်ခဲ့သည့်အတွက် ရုပ်သံတင်ဆက်မည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။
မှိုပုံစံပေါက်ကွဲမှုဖြစ်နေသည့် ရုပ်ပုံနှင့် အင်္ဂလိပ်ဘာသာဖြင့် မျိုးချစ်စိတ်၊ ကိုရီးယား ဟုရေးထားသည့် ရှပ်အင်္ကျီကို ဂျီမင်က ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ ဂျီမင်၏လုပ်ရပ်နှင့်ပတ်သက်၍ ဂျပန်လူမှုမီဒီယာများတွင် ဝေဖန်ပြောဆိုမှုများရှိနေပြီဖြစ်သည်။
ဂျီမင်သည် အဆိုပါတီရှပ်ကို မည်သည့်အတွက်ကြောင့် ဝတ်ဆင်ခဲ့သည်ကို သိရှိရန် ဘီတီအက်စ်၏ ဖျော်ဖြေရေးကုမ္ပဏီကိုမေးမြန်းထားကြောင်း အဟာဟိတီဗွီက ပြောဆိုခဲ့သည်။ နိုဝင်ဘာ ၉ ရက်တွင် ထုတ်လွှင့်ပြသရန် စီစဉ်ထားသည့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ရသည့်အတွက် ပရိသတ်များကိုတောင်းပန်ပါကြောင်း ရုပ်သံဌာနက ထုတ်ပြန်ခဲ့သည်။
ဘီတီအက်စ်၏ ဖျော်ဖြေရေးကုမ္ပဏီမှ ပြောခွင့်ရှိသူ ရှင်ယာ မတ်ဆုကီကမူ တစ်စုံတရာပြောဆိုခြင်းမပြုခဲ့ချေ။ ဂျပန်သည် ကိုရီးယားကျွန်းဆွယ်အား ၂၀ ရာစုအစောပိုင်းမှ ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်အထိ သိမ်းပိုက်ပြီး လူမဆန်သော လုပ်ရပ်များကို ကျင့်သုံးခဲ့သောကြောင့် နှစ်နိုင်ငံကြားတွင် လူမျိုးရေးအရ ရန်လိုမှုများ၊ အငြင်းပွားစရာများရှိခဲ့သော်လည်း ကေပေါ့အဆိုတော်များနှင့် သရုပ်ဆောင်များကိုမူ ဂျပန်တွင် အကြီးအကျယ်အားပေးနေကြသည်။
ရှပ်အင်္ကျီတစ်ထည်ကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းအတွက် ဂျပန်ပရိသတ်တချို့ကလည်း မကျေမနပ်ပြောဆိုနေကြသည်။ ဘီတီအက်စ်အဖွဲ့ဝင်ခုနစ်ဦးသည် ဂျပန်နွယ်ဖွား အမေရိကန်နိုင်ငံသား ဒီဂျေဖြစ်သလို ဂီတပညာရှင်လည်းဖြစ်သည့် စတိဗ် အာအိုကီနှင့် ပူးပေါင်းခဲ့ပြီးဖြစ်သည်။

















