ဖိလစ်ပိုင်သမ္မတကတော်ဟောင်း အီမယ်ဒါ မားကို့စ်ကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ခြောက်နှစ်မှ ၁၁ နှစ်အထိ ကျခံရန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အထူးတရားရုံးက နိုဝင်ဘာ ၉ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
အသက် ၈၉ နှစ်အရွယ် အီမယ်ဒါ မားကို့စ်ကို ဖမ်းဆီးရန်လည်း တရားရုံးက ညွှန်ကြားခဲ့သည်။ အီမယ်ဒါမားကို့စ်သည် ၁၉၇၀ ပြည့်နှစ်ကျော်ကာလများတွင် မနီလာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်အတွင်း ဒေါ်လာ သန်း ၂၀ဝ ခန့်ကို ဆွစ်ဇာလန်ရှိ ဖောင်ဒေးရှင်းများသို့ ရွှေ့ပြောင်းအပ်နှံခဲ့ရာ ယင်းသည် အကျင့်ပျက်ခြစားမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားရုံးက ပြောဆိုခဲ့သည်။
တရားရုံးက မားကို့စ်သည် အစိုးရဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ၎င်းသည် အယူခံဝင်နေချိန်အတွင်း သြဇာကြီးမားသည့် အောက်လွှတ်တော်၏အမတ်တစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ မားကို့စ်၏ လွှတ်တော်အမတ်သက်တမ်းသည် လာမည့်နှစ်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း သမီးဖြစ်သူ တာဝန်ထမ်းဆောင်နေသည့် မြောက်ပိုင်း အီလိုကော့စ်နော်တဲခရိုင်၏အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားပြီးဖြစ်သည်။
ပျော်လွန်းသောကြောင့် ထပင်ခုန်ခဲ့မိကြောင်း လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဟောင်း လော်ရတ်တာ အန်းရိုဆာလက်စ်က ပြောဆိုခဲ့သည်။ အီမယ်ဒါ၏ခင်ပွန်း သမ္မတဟောင်း ဖာဒီနန် မားကို့စ်က ဖိလစ်ပိုင်၌ စစ်ဥပဒေထုတ်ပြန်ခဲ့သည့် ၁၉၇၂ ခုနှစ်တွင် အဖမ်းခံရသည့် လှုပ်ရှားသူများတွင် ရိုဆာလက်စ်ပါဝင်ခဲ့သည်။
ဖာဒီနန် မားကို့စ်သည် ၁၉၈၆ ခုနှစ်တွင် စစ်တပ်၏ထောက်ခံမှုရရှိသော ပြည်သူ့အင်အားဖြင့် ဖြုတ်ချခြင်းခံခဲ့ရသည်။ ဖာဒီနန် မားကို့စ်သည် ဟာဝိုင်ယီ၌ တိမ်းရှောင်နေစဉ် ၁၉၈၉ ခုနှစ်တင် ကွယ်လွန်ခဲ့သော်လည်း ဇနီးနှင့်သားသမီးများသည် ဖိလစ်ပိုင်သို့ ပြန်လာခဲ့သည်။ မိသားစုဝင်အများစုသည် လွှတ်တော်အမတ်အပါအဝင် ရာထူးတာဝန်များကို ထမ်းဆောင်လျက်ရှိနေသည်။
မားကို့စ်နှင့် ခင်ပွန်းတို့သည် ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီး နာမည်လွှဲများစွာဖြင့် ဆွစ်ဖောင်ဒေးရှင်းများတွင် ငွေစာရင်းများဖွင့်ခဲ့ကြောင်း ဥပဒေအရာရှိ ရိုင်ယန် ကျူလာလာက သတင်းထောက်များကိုပြောဆိုခဲ့သည်။ မားကို့စ်မိသားစုသည် အများပြည်သူ ဆင်းရဲမွဲတေနေချိန်တွင် နိုင်ငံပိုင်ငွေများကိုအလွဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။
အီမယ်ဒါမားကို့စ်သည် ၁၉၉၃ ခုနှစ်တွင် အကျင့်ပျက်ခြစားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း တရားလွှတ်တော်ချုပ်က ၎င်းတွင်အပြစ်မရှိကြောင်း နောက်ပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။ ဖိလစ်ပိုင်၏အသုံးစရိတ်လိုငွေပြမှုလျော့နည်းသွားရေးအတွက် မားကို့စ်မိသားစုက ငွေကြေးနှင့် ရွှေချောင်းအနည်းငယ်ကို ပြန်ပေးရန် ဆန္ဒရှိနေကြောင်း မားကို့စ်တို့၏မဟာမိတ် သမ္မတရိုဒရီဂို ဒူတာတေးက ပြောဆိုခဲ့သည်။

















