မက္ကဆီကိုစီးတီးရောက် ဗဟိုအမေရိကဒေသမှ ထွက်ပြေးလာသည့် ရွှေ့ပြောင်းခရီးသွားများသည် ဘတ်စ်ကားမရပါက ခြေလျင်ခရီးဆက်ကောင်းဆက်မည်ဟု ပြောဆိုလိုက်စဉ် အမေရိကန်ပြည်ထောင်စုကလည်း နယ်စပ်မှ တရားမဝင် ဝင်ရောက်သူများအား ခိုလှုံခွင့်ပိတ်ပင်မည့်ဥပဒေသစ်တစ်ရပ် ပြဌာန်းလိုကြောင်း အဆိုပြုမှုရှိနေသည်။
ရွှေ့ပြောင်းများသည် အမေရိကန်နယ်စပ်သို့ရောက်ရှိမည့် မက္ကဆီကိုမြောက်ပိုင်းမြို့ တီဂျူအာနာသို့ ဦးတည်ထွက်ခွာရန် ဆုံးဖြတ်ထားကြောင်း၊ လမ်းကြောင်း ပိုမိုရှည်လျားသော်လည်း ပိုမိုလုံခြုံသည့်လမ်းကြောင်းဖြစ်ကြောင်း သိရသည်။
မက္ကဆီကိုစီးတီးရှိ အားကစားရုံတစ်ခုသို့ ရောက်ရှိအနားယူနေကြသည့် ရွှေ့ပြောင်းများသည် ၅၀ဝ၀ ခန့်အထိ ရှိနေပြီဖြစ်သည်။ ၄င်းတို့ခရီးဆက်ရန် ဒေသခံ ကုလသမဂ္ဂအရာရှိများကို ဘတ်စ်ကားများတောင်းဆိုခဲ့ရာ အမျိုးသမီးများနှင့်ကလေးများအတွက်သာ ဘတ်စ်ကားများ စီစဉ်ပေးနိုင်ကြောင်း အရာရှိများက ပြန်ကြားခဲ့သည်ဟုဆိုသည်။
ဘတ်စ်ကားများရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နယ်စပ်သို့ခရီးဆက်ကြမည်ဖြစ်ကြောင်း ရွှေ့ပြောင်းခရီးစဉ်စီစဉ်သူများက ပြောဆိုခဲ့သည်။ မက္ကဆီကိုစီးတီးသည် အနီးဆုံးအမေရိကန်နယ်ခြားမြို့ မက်အဲလန်မှ မိုင် ၆၀ဝ ကျော် ကွာဝေးပြီး တီဂျူအာနာဘက်မှ သွားပါက ခရီးပိုရှည်မည်ဖြစ်သည်။
အမေရိကန်ဘက်မှလည်း တရားရေးဌာနနှင့် အမိမြေလုံခြုံရေးဝန်ကြီးဌာနတို့က တောင်ပိုင်းနယ်စပ်မှ ဝင်ရောက်မည့် ရွှေ့ပြောင်းများသည် ခိုလှုံခွင့်နောက်ထပ် မရရှိတော့မည့်ဥပဒေသစ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမျိုးသားအကျိုးစီးပွား အလို့ငှာ ရွှေ့ပြောင်းများဝင်ရောက်မှုကို သမ္မတက ရပ်ဆိုင်းနိုင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ရွှေ့ပြောင်းများအား ကျူးကျော်သူများအဖြစ် ကင်ပွန်းတပ်လျက် သမ္မတထရမ့်သည် မက္ကဆီကိုနယ်စပ်သို့ အမေရိကန်တပ်များကို စေလွှတ်တားဆီးရန် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အမေရိကန်ပြဌာန်းမည့်ဥပဒေသစ်သည် တရားမဝင်ကြောင်း၊ အမေရိကန်သို့ဝင်ရောက်သူတိုင်းအတွက် ခိုလှုံခွင့်လျှောက်ထားနိုင်သည်သာဖြစ်ကြောင်း အမေရိကန်အရပ်ဘက် လူမှုအခွင့်အရေးအစည်းအရုံးက ပြောဆိုခဲ့သည်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကလည်း အမေရိကန်ဥပဒေသစ်ကို ဆန့်ကျင်ဝေဖန်ခဲ့သည်။ ခိုလှုံခွင့်ဆိုသည်မှာ ဂယ်ပေါက်တစ်ပေါက် မဟုတ်ကြောင်း၊ အသက်ကယ်ကြိုးတစ်ချောင်းသာဖြစ်ကြောင်း အဖွဲ့အထွေထွေအတွင်းရေးမှူး ကူမီနိုင်ဒူးက ထုတ်ပြန်ခဲ့သည်။ ထောင်ပေါင်းများစွာသောသူများ အန္တရာယ်မကျရောက်စေရန် မလိုအပ်သည့်မူဝါဒသာဖြစ်ကြောင်းလည်း နိုင်ဒူးက ပြောဆိုခဲ့သည်။

















