တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ တန်ဖိုးနည်း အဆောင်ပုံစံ အိမ်ရာတစ်ခု၌ နိုဝင်ဘာ ၉ ရက်တွင် မီးလောင်မှုတစ်ခုကြောင့် ထွက်ပေါက်ပိတ်မိပြီး လူခုနစ်ဦးနီးပါးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
မီးငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်သော်လည်း သေဆုံးသူဦးရေ နောက်ထပ်များပြားလာနိုင်ကြောင်း ဆိုးလ်မြို့မီးသတ်နှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာဌာနချုပ်မှ အရာရှိများကပြောဆိုခဲ့သည်။
အဆောက်အအုံတတိယထပ်ရှိ ထွက်ပေါက်နားတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဆိုးလ်ရှိ ဂျွန်နိုခရိုင်မီးသတ်ဌာန၏အကြီးအကဲ ကွန်ယုတ်-မင်ကပြောဆိုခဲ့သည်။ အဆောက်အအုံတွင် နေထိုင်သူများသည် လက်လုပ်လက်စားလူတန်းစားများဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အရုဏ်တက်ချိန်ဖြစ်ပြီး ထွက်ပေါက်တံခါးပိတ်နေသောကြောင့် နေထိုင်သူများ ထွက်ပြေးလို့မရခဲ့ခြင်းဖြစ်ကြောင်း ကွန်ကပြောဆိုခဲ့သည်။ မီးလောင်မှုဖြစ်ပွားသည့် အဆောက်အအုံကို ၁၉၈၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိလုံခြုံရေးဆိုင်ရာစည်းမျဉ်းများသည် အဆောက်အအုံဟောင်းများအပေါ် သက်ရောက်မှုမရှိသဖြင့် ယင်းအဆောက်အအုံတွင် မီးလောင်ပါက အလိုအလျောက်ရေဖြန်းစက်မရှိခဲ့ချေ။
အဆောက်အအုံရှိ မီးခိုးအာရုံခံစက် လည်ပတ်ခြင်းရှိမရှိကိုမသိနိုင်ကြောင်း မီးသတ်အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
ဂိုရှီဝမ်ဟု ခေါ်ဆိုသည့် အဆိုပါအဆောက်အအုံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများ၊ ရှေ့နေစာမေးပွဲဖြေဆိုမည့် ကျောင်းသားများ၊ ရာထူးဝန်စာမေးပွဲဖြေဆိုမည့်သူများ နေထိုင်လေ့ရှိသည်။ အသုံးစွဲချွေတာသည့် ခရီးသွားများလည်း ယင်းကဲ့သို့ အဆောက်အအုံများတွင် တည်းခိုနေထိုင်လေ့ရှိသည်။
သေဆုံးသူအများစုမှာ အသက် ၄၀ ကျော်၊ ၆၀ ကျော်အရွယ်များဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာများကဖော်ပြခဲ့သည်။

















