တောင်ကြီးတန်ဆောင်တိုင် ယာဉ်ဝင်ခွင့် VIP နှင့် VVIP လက်မှတ်များ အကန့်အသတ်ဖြင့် ထိန်းချုပ်စိစစ်ပေးရန်လိုကြောင်း ဒေသခံများပြောဆို

တောင်ကြီးတန်ဆောင်တိုင် ယာဉ်ဝင်ခွင့် VIP နှင့် VVIP လက်မှတ်များ အကန့်အသတ်ဖြင့် ထိန်းချုပ်စိစစ်ပေးရန်လိုကြောင်း ဒေသခံများပြောဆို

ရှမ်းပြည်နယ် တောင်ကြီးမြို့၏ အထင် ကရပွဲတော်ဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလအတွင်း ကျင်းပသွားမည်ဖြစ်ရာ VIP နှင့် VVIP ယာဉ် ဝင်ခွင့်လက်မှတ်များကို အရေအတွက်စိစစ် ချထားပေးရန်လိုကြောင်း တောင်ကြီးဒေသခံ များက ပြောဆိုလျက်ရှိသည်။

ဖောင်းပွ

"နှစ်စဉ်နှစ်တိုင်း မီးပုံးပျံကွင်းမှာVIP ဆိုတာတွေနဲ့ပဲ နေရာပြည့်နေတယ်။ ပြည်သူ အတွက် နေရာမပါဘူး ဖြစ်နေတယ်။ အရေ အတွက် ဖောင်းပွနေတဲ့အတွက် အရင်နှစ်က ဆိုရင် ဈေးရောင်းတဲ့ယာဉ်တွေကအစ VVIP လက်မှတ်မျိုးတွေနဲ့ ဝင်လာတာကို တွေ့ရပါတယ်"ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ကိုဝင်း နိုင်စိုးက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော် မတီဥက္ကဋ္ဌ၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က "ယာဉ်ဝင်ခွင့်ကတော့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနကပဲ ကိုင်တာဖြစ် ပါတယ်။ ပြီးခဲ့တဲ့ အစည်းအဝေးတုန်းကတော့ သူတို့တင်ပြလာတဲ့ ယာဉ်ဝင်ခွင့်အရေအတွက် က များနေတဲ့အတွက် ပြန်လည်စိစစ်ဖို့ဆိုပြီး ပြောထားတာ ရှိပါတယ်"ဟု ပြောဆိုခဲ့သည်။

ဝေဖန်မှုမြင့်တက်

ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးအား ဖုန်းဖြင့်ဆက် သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိ ခဲ့ချေ။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ယာဉ် ဝင်ခွင့်အနေဖြင့် ရိုးရိုးယာဉ်ဝင်ခွင့် အစောင် ၄၀ဝ၊ VIP ယာဉ်ဝင်ခွင့်အစောင် ၃၀ဝ၊ VVIP ယာဉ်ဝင်ခွင့် အစောင် ၁၂၀ နှင့် မော်တော်ဆိုင် ကယ်ယာဉ်ဝင်ခွင့် အစောင် ၂၅၀ ထုတ်ပေး ထားခဲ့ပြီး VIP ယာဉ်ဝင်ခွင့်လက်မှတ်ဖြင့် ဈေး ရောင်းချသည့်မော်တော်ယာဉ် များရှိခဲ့သည့် အတွက်  တောင်ကြီးဒေသခံများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

"အခုက ခေတ်ပြောင်းနေပြီ။ အဲဒီလူတွေနဲ့ သာမန်ပြည်သူ ဘယ်သူ့ကို ဦးစားပေးမှာလဲ။ ဌာနဆိုင်ရာအကြီးအကဲ အယောက် ၁၀ဝရှိရင် အစောင် ၁၀ဝ ပဲထုတ်၊ အကြီးအကဲမဟုတ်ဘဲ အသုံးပြုတာတွေ့ရင် ထုတ်ပေးတဲ့သူကို အရေး ယူတာမျိုးတွေ လုပ်စေချင်တယ်။ ဘက်မလိုက် နဲ့ပေါ့ဗျာ"ဟု ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။

အကျင့်ပျက်

အလားတူ တောင်ကြီးဒေသခံတစ်ဦး ဖြစ်သူ ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင် တိုးကလည်း "VVIP ဆိုတာကတော့ မရှိသင့် ဘူးလို့ ထင်တာပဲ။VIP လောက်သာဆိုရင် လုံလောက်ပါပြီ။ တချို့ ပိုက်ဆံနဲ့ပေးဝယ်တာ မျိုးတွေ ရှိလာပါတယ်။ ဒါလည်း အကျင့်ပျက် ခြစားမှုတစ်မျိုးပဲ"ဟု ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး