အာဏာရှင် ပီနိုချေးလက်ထက် စစ်ရာဇဝတ်မှုအတွက် ချီလီစစ်ဦးစီးချုပ်ဟောင်း ထောင်ဒဏ်စီရင်ချက် ချမှတ်ခံရ

အာဏာရှင် ပီနိုချေးလက်ထက် စစ်ရာဇဝတ်မှုအတွက် ချီလီစစ်ဦးစီးချုပ်ဟောင်း ထောင်ဒဏ်စီရင်ချက် ချမှတ်ခံရ

အာဏာရှင် ပီနိုချေးလက်ထက် လူ ၁၅ ဦးသေဆုံးခဲ့ရသည့် ရာဇဝတ်မှုအတွက် ချီလီစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဂျူအန် အီမီလီယိုချေရာ ကို ချီလီတရားရုံးတစ်ရုံးက ထောင်သုံးနှစ်နှင့် နေအိမ်အကျယ်ချုပ်တစ်ရက် ကျခံစေရန် စီရင်ချက်ချမှတ်ခဲ့သည်။

၁၉၇၃ ခုနှစ် စစ်ဘက်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် စစ်ဆင်ရေးတပ်ရင်းတွင် လူ ၁၅ ဦးသေဆုံးခဲ့မှု၌ တာဝန်ရှိသည်ဆိုကာ စီရင်ချက်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

အီမီလီယိုချေရာသည် ဗိုလ်ချုပ်ကြီး သြဂတ်စတို ပီနိ်ုချေးလက်ထက် ဖိနှိပ်အနိုင်ကျင့်မှုများအတွက် တာဝန်ရှိသည်ဆိုကာ ပြစ်ဒဏ်ချမှတ်ခံရသည့် ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။

ပီနိုချေးသည် ၄င်းအားဆန့်ကျင်သူ ဝေးလံဒေသမှသူပုန်များကို ခြေရာခံရန် မရဏတပ်ဖွဲ့အမည်ရှိ တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ် စက်တင်ဘာလ၌ မြောက်ပိုင်းမြို့ လာဆီရီးနားတွင် ဖြစ်ပွားခဲ့သည့် လက်ဝဲသူပုန် ၁၅ ဦးအား သတ်ဖြတ်မှုအတွက် ထိုစဉ်က ဒေသခံတပ်ရင်းမှ အရာရှိငယ်တစ်ဦးဖြစ်သည့် အီမီလီယိုချေရာတွင် တာဝန်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အီမီလီယိုချေရာသည် ၂၀ဝ၂ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး ၂၀ဝ၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

အခြားအရာရှိတစ်ဦးဖြစ်သူ အရီအိုစတို လာပိုစတိုလ်သည်လည်း ထောင် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ 
၁၉၇၃ စက်တင်ဘာမှ အောက်တိုဘာအထိ ပီနိုချေး၏ မရဏတပ်ဖွဲ့သည် ရဟတ်ယာဉ်ဖြင့် မြို့ ၁၆ မြို့သို့ သွားရောက်ကာ လူ ၉၇ ဦးကိုသတ်ဖြတ်ခဲ့သည်။ ပီနိုချေးသည် ဆာလ်ဗေဒို အလန်ဒီ၏ ဒီမိုကရေစီအစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် ရာထူးမှဆင်းပေးခဲ့ရသည်။

သို့သော် စစ်ဦးစီးချုပ်အဖြစ် နောက်ထပ် ၈ နှစ် ထမ်းဆောင်ခဲ့ပြီး ၄င်း၏အာဏာရှင်သက်တမ်းအတွင်း လူ ၃၂၀ဝ အသတ်ခံရကာ ၂၈၀ဝ၀ နှိပ်စက်ခံခဲ့ရသည့်အပြင် ၁၀ဝ၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။ ပီနိုချေးသည် တစ်စုံတစ်ရာ ပြစ်ဒဏ်စီရင်ခြင်းမခံခဲ့ရဘဲ အသက် ၉၁ နှစ်အရွယ်၊  ၂၀ဝ၆ ခုနှစ်တွင် သေဆုံးခဲ့သည်။