အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့်တောမီးကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ မီးသည် မာလီဘူအပန်းဖြေကမ်းခြေကိုလည်း ကူးစက်ခဲ့ရာ ဟောလီးဝုဒ်မှ နာမည်ကြီးများ၏ အိမ်များလည်းလောင်ကျွမ်းခဲ့ပြီး ဒေသခံများစွာ ထွက်ပြေးခဲ့ရသည်။
အဆိုတော် လေဒီဂါဂါသည် မာလီဘူနေအိမ်မှထွက်ခွာခဲ့ရပြီး ရုပ်သံစတား ကင်ကာဒါရှီယန်နှင့် ခင်ပွန်း ရက်ပါ ကိန်းဝက်စ်၊ အဆိုတော် ရှားတို့နေအိမ်များအပါအဝင် အခြား ဟောလီးဝုဒ်နာမည်ကျော်တို့အိမ်များလည်း စိုးရိမ်နေရသည်။
ပြည်နယ်တစ်ဝန်း ၁၆ နေရာတွင် မီးလောင်ကျွမ်းနေပြီး သုံးနေရာတွင် အကြီးအကျယ် လောင်ကျွမ်းနေသည့် တောမီးကြောင့် ပျောက်ဆုံးနေသူလည်း ၃၅ ဦး ရှိနေသည်။ မကြာမီက ဂီတဘားတစ်ခုအတွင်း သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ရသည့် သောင်ဆန်အုတ် အပါအဝင်မြို့များစွာမှ ပြည်သူများ အိုးအိမ်စွန့်ခွာရန် အာဏာပိုင်များက ညွန်ကြားထားရသည်။
မီးလောင်မှုများမှာ နိုဝင်ဘာ ၈ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး အိမ် ၇၅၀ဝ၀ တွင်နေသူများ အိုးအိမ်စွန့်ခွာခဲ့ရသည်။ နိုဝင်ဘာ ၉ ရက်တွင် ဟိုင်းဝေးလမ်းမကြီး မီးခုန်ကူး၍ ကမ်းခြေဒေသများသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှု သက်ရောက်မှုဧရိယာသည် စုစုပေါင်း ဧက ၃၅၀ဝ၀(ဟက်တာ ၁၄၁၅၀) ရှိနေပြီဖြစ်သည်။
လမ်းပေါ်တွင် မော်တော်ကားမောင်းနှင်လာသူများသည် ကားများကိုရပ်၍စွန့်ပစ်ခဲ့ကာ ၄င်းတို့၏ကလေးများ၊ အိမ်မွေးတိရစ္ဆာန်များကိုပိုက်၍ မီးဘေးမှလွတ်အောင် ပြေးခဲ့ကြရသည်။
ဒေသခံများသည် လူမှုကွန်ရက်များကို အသုံးပြု၍ မိသားစုဝင်များ၊ ဆွေမျိုးများ၊ သူငယ်ချင်းများကို ရှာဖွေခဲ့ရသည်။
သဲကန္တာရတွင်းမှ လေပူများတိုက်ခတ်မှုကြောင့် တောမီးသည်တစ်မိနစ်လျှင် ဘောလုံးကွင်း ၈၀ ခန့်ရှိသည့် ဧရိယာကို လောင်ကျွမ်းခဲ့ပြီး ရဟတ်ယာဉ်များ၊ မီးသတ်လေယာဉ်များအကူအညီဖြင့် မီးသတ်သမားထောင်ချီ ပါဝင် ငြိမ်းသတ်နေရသည်။ လော့စ်အိန်ဂျယ်လိစ်နှင့် ဗန်ကျူရာကျေးလက်ဒေသကို အရေးပေါ်အခြေအနေကြေညာထားပြီး သမ္မတထရမ့်က ကယ်လီဖိုးနီးယားသို့ ဗဟိုအစိုးရအထောက်အပံ့ပေးရန် ညွန်ကြားခဲ့သည်။

















