ဂွမြို့နယ်တွင် တောဆင်ရိုင်းများ ဖျက်ဆီးသဖြင့် လယ်ဧက ၂၀ ဝန်းကျင်ပျက်စီး

ဂွမြို့နယ်တွင် တောဆင်ရိုင်းများ ဖျက်ဆီးသဖြင့် လယ်ဧက ၂၀ ဝန်းကျင်ပျက်စီး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် စပါးစိုက်ခင်းဧက ၂၀ ဝန်းကျင်မှ စပါးများ ပျက်စီးခဲ့သည်။ 

အဆိုပါ ပျက်စီးသွားသော စပါးစိုက်ခင်းများမှာ ဂွမြို့နယ်၊ ဘဝင်ကျေးရွာအုပ်စုအတွင်းမှ ဖြစ်ပြီး တောင်သူ ၁၅ ဦးပိုင်ဆိုင်သည့် စပါးခင်းများဖြစ်သည်။
စပါးများမှာ ယင်းဒေသအတွင်းသို့ ဧပြီလမတိုင်မီကလည်း တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုများရှိခဲ့ကြောင်း ဘဝင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇေယျအောင်က ပြောသည်။

“ဆင်တွေက ကုန်ခဲ့တဲ့ရက်က ခြောက်ကောင်ထပ်ဝင်တယ်။ အခုက ညတိုင်းလိုလိုဝင်နေတယ်။ စပါးတွေပျက်စီးတာက ခန့်မှန်းခြေ ဧကနှစ်ဆယ်နီးပါးရှိသွားပြီပေါ့၊ အဓိကတော့ ဘဝင်ရွာက များတယ်”ဟု ပြောသည်။

တောဆင်ရိုင်းများလာရောက်ဖျက်ဆီးမှုမှာ ယခုနှစ်များအတွင်းပိုမိုများပြားလာသလို လယ်သမားများအနေဖြင့် ညနေပိုင်းတွင် ကင်းစောင့်ကာ အော်ဟစ်မောင်းထုတ်နေပြီး ဒေသခံများမှာ တောဆင်ရိုင်းများမည့်သည့်အတွက်ကြောင့် ယခုလို လူနှင့်နီးကပ်စွာရောက်ရှိလာကြသည်ကို အဖြေရှာစေလိုကြောင်း ဦးဇေယျာအောင်က ပြောသည်။

“ကျွန်တော်တို့ ပြီးခဲ့ ၂၅ ရက်နေ့က ဝန်ကြီးချုပ်ခရီးစဉ်မှာလည်းတင်ပြခဲ့တယ်။ ကျွန်တော်ပျက်စီးသွားတဲ့ လယ်မြေ ဧကတွေကို လျော်ပေးတာ၊မလျော်ပေးတာဆိုတာထက် ဒီတောဆင်ရိ်ုင်းတွေဟာ ဘယ်လိုဖြစ်လို့ လူနေတဲ့နေရာ တွေကိုအရမ်းကပ်ပြီးတော့ ရန်ရှာနေတာလဲ ။ ဘာကြောင့်ဖျက်ဆီးနေတာလဲဆိုတာကို အစိုးရက ထိထိရောက်ရောက် အဖြေရှာဖို့ လိုချင်တာပါ။ အခုက အစိုးရအနေနဲ့ကလည်း ဒီဟာကို တောထဲကိုပြန်ပို့ဖို့ နည်းစနစ်တွေကို ထိထိရောက်ရောက်မသုံးနိုင်တဲ့အတွက် ဒုက္ခရောက်နေတာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တောဆင်ရိုင်းများဝင်ရောက်သော ဘဝင်ကျေးရွာအုပ်စုသို့ ရခိုင်ရိုးမဆင်ဘေးမဲ့တောမှ တာဝန်ရှိသူများ၊ ဆင်းမောင်းအဖွဲ့မှတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကာ စောင့်ကြည့်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး