နိုဝင်ဘာ ဒုတိယအပတ်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့၌ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက်(၄၈)နာရီအတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင် သည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့် မှ လှိုင်းကြီးနိုင်ကြောင်း | မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၈)ပေမှ (၁၀) ပေခန့် ရှိနိုင်ကြောင်းလည်း မိုး/ဇလက ထုတ်ပြန်သည်။
နိုဝင်ဘာ ဒုတိယအပတ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန် တို့ထက် (၁ ဒသမ ၅) ဒီဂရီ စင်တီဂရိတ် ပိုနိုင်သည်။
ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှ အပူချိန်တို့အောက် (၁ ဒသမ ၅)ဒီဂရီစင်တီဂရိတ် လျော့နည်းကာ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်မည်ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင် းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၆)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ကြောင်းလည်း သိရသည်။
















