ဂျော်ဒန်နိုင်ငံ၌ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူ ၁၁ ဦးခန့် သေဆုံးခဲ့ပြီး ရှေးဟောင်းမြို့ ပေထရာမှ ခရီးသွား ၄၀ဝ၀ ခန့်ကို အရေးပေါ်နေရာရွှေ့ပြောင်းပေးခဲ့ရသည်။
မြို့တော် အမ်မန်အနောက်တောင်ဘက် မာဒါဘာ၌ ရေစီးထဲမျောပါခဲ့သည့် မော်တော်ယာဉ်များထဲတွင် လိ်ုက်ပါသွားသူ ငါးဦးကို ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဟတ်ယာဉ်များက ရှာဖွေလျက်ရှိနေသည်။ ဆိပ်ကမ်းမြို့ အကာဘာ၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရေးပေါ်အခြေအနေကြုံတွေ့နေရသည်။
လွန်ခဲ့သော နှစ်ပတ်တွင် ပင်လယ်သေဒေသ၌ ရေကြီးရေလျှံမှုကြောင့် ကလေးငယ်အများစုအပါအဝင် လူ ၂၁ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
အမ်မန်တောင်ဘက် ဒါဘာဒေသ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ခုနစ်ဦးတွင် ကလေးငယ်တစ်ဦးပါဝင်ကြောင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ နိုင်ငံတောင်ပိုင်းနှင့် မြို့တော်ကို ချိတ်ဆက်ပေးထားသည့် လမ်းမကြီးသည်လည်း ရေလွှမ်းမိုးခံခဲ့ရသည်။
ပေထရာတွင် ရေမျက်နှာပြင်သည် နေရာတချို့တွင် ၄ မီတာ ( ၁၃ ပေ) အထိရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံဌာနကဖော်ပြခဲ့သည်။ ခရီးသွားများကို လုံခြုံသော နေရာများသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အစိုးရ၏ပြောခွင့်ရှိသူ ဂျူမာနာ ဂျူနိုင်မတ်ကပြောဆိုခဲ့သည်။
နိုဝင်ဘာ ၁၀ ရက်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုရှိရာဒေသများတွင် နေထိုင်သူများ အရေးပေါ်နေရာရွှေ့ပြောင်းကြရန် ဂျူနိုင်မတ်က တိုက်တွန်းထားသည်။ ဂျော်ဒန်၌ မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သည်။
လွန်ခဲ့သောလတွင် လေ့လာရေးခရီးထွက်သည့် ကလေး ၁၈ ဦး ရေစီးထဲမျောပါခဲ့မှုကြောင့် နိုင်ငံသားများ မကျေမနပ်ဖြစ်ခဲ့ရာ ပညာရေးနှင့် ခရီးသွာလာရေးဝန်ကြီးများ ရာထူးမှနုတ်ထွက်ခဲ့ရသည်။

















