အမေရိကန်သမ္မတကတော်ဟောင်း မီရှဲအိုဘားမားသည် ၎င်း၏စာအုပ်သစ်တွင် လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားထားသည်။
ထရမ့်သည် ဘားရက် အိုဘားမား အမေရိကန်နိုင်ငံသား ဟုတ်မဟုတ်ကို မေးခွန်းထုတ်ခဲ့ရာ ၎င်းသည် စက်ဆုတ်စရာကောင်းသလို အန္တရာယ်လည်းများလှကြောင်း မီရှဲအိုဘားမားက ရေးသားခဲ့သည်။
နိုဝင်ဘာ ၁၃ ရက်တွင် ထွက်ရှိမည့် Becoming ( ဖြစ်တည်လာခြင်း) အမည်ရှိ ဘဝမှတ်တမ်းစာအုပ်တွင် ရှီကာဂို၌ ကြီးပြင်းလာပုံမှစ၍ သမ္မတကတော်ဘဝတွင် လူမျိုးရေးခွဲခြားတိုက်ခိုက်ခြင်းခံရပုံကို တန်ပြန်ရပုံနှင့် နိုင်ငံ၏ပထမဆုံး လူမည်းသမ္မတကတော်ဖြစ်လာမှုကြောင့် အံ့သြရပုံများကို ရေးသားဖော်ပြထားသည်။
ခင်ပွန်းဖြစ်သူ ဘားရက်အိုဘားမား နိုင်ငံရေးနယ်ပယ်သို့ စတင်ဝင်ရောက်ချိန်တွင် မိသားစုပြိုကွဲမလိုဖြစ်ခဲ့ပြီး မိသားစုဆိုင်ရာအတိုင်ပင်ခံတစ်ဦးနှင့် အကြိမ်ကြိမ်တွေ့ဆုံ အကြံတောင်းခဲ့ရကြောင်း ၎င်းကရေးသားခဲ့သည်။
သမ္မတရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ထရမ့်က ၂၀၁၅ ခုနှစ်တွင် ကြေညာသည့်အခါ လေကြီးလေကျယ်ပြောသည်ဟု ထင်ခဲ့မိခဲ့ကြောင်း မီရှဲအိုဘားမားက ပြောဆိုခဲ့သည်။ ထို့ပြင် သမ္မတတစ်ဦးအဖြစ် လုံးဝကိုသင့်လျော်သည့် ဟီလာရီကလင်တန်ကို အမျိုးသမီးများမရွေးချယ်ဘဲ အမျိုးသမီးမုန်းတီးရေးဝါဒီ ထရမ့်ကို ရွေးချယ်ခဲ့သည့်အတွက်လည်း အံ့သြမိခဲ့ပုံကို မီရှဲက ရေးသားခဲ့သည်။
ဖြစ်တည်လာခြင်းတွင် မီရှဲအိုဘားမားသည် မိသားစုအကြောင်းကိုလည်းရေးသားခဲ့သည်။ ဘားရက်အိုဘားမား၏ ပိုးပန်းပုံကိုလည်း ပြည့်ပြည့်စုံစုံဖော်ပြခဲ့သည်။ ဘားရက်အိုဘားမားနှင့် မီရှဲတို့သည့် ဥပဒေအကြံပေးကုမ္ပဏီ ဆစ်ဒလေ အော်စတင် အယ်လ်အယ်လ်ပီတွင် အလုပ်လုပ်ကိုင်ချိန်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး မီရှဲက ဘားရက်၏အထက်အရာရှိဖြစ်ခဲ့သည်။
မီရှဲသည် ကနဦးတွင် ဘားရက်အပေါ် သံသယရှိခဲ့သော်လည်း တွေ့ဆုံခဲ့ပြီးနောက် ဘားရက်၏ ရင်ခေါင်းသံပါသည့် အသံကို စွဲဆောင်မှုရှိသည်ဟု ယူဆပြီး တည်ငြိမ်သူအဖြစ်လည်း ခံစားမိခဲ့သည်။
ဖြစ်တည်လာခြင်းသည် ခင်ပွန်းဖြစ်သူ ဘားရက်အိုဘားမားနှင့် မီရှဲတို့ ပူးပေါင်းရေးသားသည့် ဘဝမှတ်တမ်းစာအုပ်အတွဲ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘားရက်အိုဘားမား၏စာအုပ်သစ်သည် လာမည့်နှစ်အစောပိုင်းတွင် ထွက်ရှိမည်ဖြစ်သည်။
အိုဘားမားဇနီးမောင်နှံသည် စာအုပ်ရေးသားမှုအတွက် ဒေါ်လာသန်းပေါင်းများစွာရရှိမည်ဟု ခန့်မှန်းမှုများရှိနေသည်။ စာမူခအတော်များများကို ပရဟိတအဖွဲ့သို့လှူဒါန်းမည်ဖြစ်ကြောင်း ၎င်းတို့ကပြောဆိုခဲ့သည်။

















