သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာသည် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲများကျင်းပမည်ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
လွှတ်တော်ကို နိုဝင်ဘာ ၉ ရက် သန်းခေါင်ယံအချိန်မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သီရိသေနာ လက်မှတ်ထိုးထားသည့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကိုယ်စားလှယ်လောင်းအမည်များကို နိုဝင်ဘာ ၂၆ ရက် မတိုင်မီတွင် ထုတ်ပြန်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။ လွှတ်တော်သစ်၏ပထမဆုံးအကြိမ်အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်တွင် သီရိသေနာသည် ရာနီး ဗစ်ကရာမာဆင်ဂဲကို ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားပြီး သမ္မတဟောင်း မဟိန္ဒာ ရာဇပါကသကို အစားထိုးခန့်အပ်ခဲ့သည်။ သို့သော် လွှတ်တော်တွင်း ထောက်ခံသူအများစုရှိနေပါက ဝန်ကြီးချုပ်တစ်ဦးကို ဖြုတ်ချခွင့်မရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသဖြင့် သီရိသေနာ၏လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း ဗစ်ကရာမာဆင်ဂဲက ပြောဆိုခဲ့သည်။
ရာဇပါကသကို ထောက်ခံသူများရှိလာရေး လှုပ်ရှားဆောင်ရွက်နိုင်ရန် သီရိသေနာသည် လွှတ်တော်ကို ရက်သတ္တပတ်နှစ်ပတ်ကြာ ရပ်ဆိုင်းထားခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာဖိအားများကြောင့် သီရိသေနာသည် လွှတ်တော်ကို နိုဝင်ဘာ ၁၄ ရက်တွင် ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ရာဇပါကသကို လွှတ်တော်တွင်းထောက်ခံသူများစွာရှိနေကြောင်း သီရိသေနာကပြောဆိုခဲ့သော်လည်း လွှတ်တော်ကို ဖျက်သိမ်းလိုက်မှုကြောင့် ယင်းသို့မဟုတ်ကြောင်း ထင်ရှားလာခဲ့သည်။
လွှတ်တော်သက်တမ်း လေးနှစ်ခွဲမရှိမချင်း ဖျက်သိမ်းလို့မရကြောင်း ဥပဒေများတွင်ဖော်ပြထားသည့်အတွက် ယင်းအချက်နှင့်ပတ်သက်၍ ဗစ်ကရာမာဆင်ဂဲနှင့်ဘက်တော်သားများက လှုပ်ရှားကြဦးမည်ဖြစ်သည်။ လက်ရှိလွှတ်တော်သည် ၂၀၁၅ ခုနှစ် သြဂုတ်တွင် စတင်ခဲ့သည်။
သီရိသေနာသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို သန့်စင်ခန်းသုံးစက္ကူအဆင့်ကိုလျှော့ချခဲ့ကြောင်း၊ အာဏာရှင်ကို နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗစ်ကရာမာဆင်ဂဲ၏ ညီညွတ်သော အမျိုးသားပါတီမှ အမတ် ဟာရှာ ဒီဆေလ်ဗာကပြောဆိုခဲ့သည်။

















