သမ္မတထရမ့်နှင့် သမ္မတရှီတွေ့ဆုံရေးညှိနှိုင်း၊ တောင်တရုတ်ပင်လယ်သို့ ကန်စစ်လေယာဉ်သင်္ဘောများ မစေလွှတ်ရန် တရုတ် တောင်းဆို

သမ္မတထရမ့်နှင့် သမ္မတရှီတွေ့ဆုံရေးညှိနှိုင်း၊ တောင်တရုတ်ပင်လယ်သို့ ကန်စစ်လေယာဉ်သင်္ဘောများ မစေလွှတ်ရန် တရုတ် တောင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ယခုလနှောင်းပိုင်းတွင်တွေ့ဆုံနိုင်ရေး နှစ်ဘက်ညှိနှိုင်းရာ၌ တရုတ်ကပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် တောင်တရုတ်ပင်လယ်အတွင်းမှကျွန်းများအနီးသို့ အမေရိကန်က စစ်လေယာဉ်နှင့် သင်္ဘောများစေလွှတ်ခြင်းမပြုရန် တရုတ်ဘက်က တောင်းဆိုခဲ့သည်။

ဝါရှင်တန်တွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အမေရိကန်ဘက်ကလည်း နိုင်ငံတကာဥပဒေကခွင့်ပြုသည့်မည်သည့်နေရာမဆို လေယာဉ်ပျံသန်းမှုနှင့် သင်္ဘောဖြတ်သန်းမှု ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ စက်တင်ဘာနှောင်းပိုင်းက သန္တာကျောက်တန်းတစ်ခုအနီးတွင် အမေရိကန်နှင့် တရုတ်စစ်သင်္ဘောများ တိုက်မိလုနီးပါးဖြစ်ခဲ့သည်။

နိုင်ငံခြားရေးနှင့် စစ်ဘက်အကြီးအကဲများ တက်ရောက်ကြသည့်ညှိနှိုင်းပွဲတွင် နှစ်ဘက်စလုံးက တင်းမာမှုလျှော့ချရေးကို အလေးပေးခဲ့ကြသည်။ ခါးသီးသည့်ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့ပြီးနောက် သမ္မတထရမ့်နှင့် သမ္မတရှီတို့သည် အာဂျင်တီးနားတွင် ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ ထိပ်သီးတွေ့ဆုံပွဲတွင် တွေ့ဆုံကြရန် မျှော်လင့်ရသည်။

နှစ်ဘက်အကြိုဆွေးနွေးပွဲကို လွန်ခဲ့သည့်လက ပေကျင်းတွင်ကျင်းပရန်စီစဉ်ခဲ့သော်လည်း ထိုင်ဝမ်(တရုတ်တိုင်ပေ)ကို အမေရိကန်က လက်နက်ထပ်မံရောင်းချမည့်ကြေညာချက်ကြောင့် တရုတ်ဘက်မှ ရွှေ့ဆိုင်းခဲ့သည်။

ဝါရှင်တန်တွင် နိုဝင်ဘာ ၉ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ယန်ဂျီချီတွေ့ဆုံခဲ့ကြသကဲ့သို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟီတို့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အမေရိကန်သည် စစ်အေးခေတ်မူဝါဒမျိုးဖြင့် တရုတ်ကို ဟန့်တားနေခြင်းမရှိကြောင်း မိုက်ပွမ်ပီယိုက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ နှစ်ဘက်စလုံး၏ လုံခြုံရေးနှင့်ချမ်းသာကြွယ်ဝမှုအတွက် တရုတ်က မှန်မှန်ကန်ကန် မျှမျှတတဆောင်ရွက်ရေးကို အလိုရှိကြောင်းလည်း ပြောဆိုခဲ့သည်။

တရုတ်ဝန်ကြီးများကလည်း စစ်ဘက်ဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ရန် လိုအပ်ကြောင်း၊ သို့မှသာ အာရှပစိတ်ဒေသတွင်း အဓိကကျသည့် နှစ်ဘက်အကြား ပဋိပက္ခဖြစ်နိုင်ခြေစွန့်စားမှု လျှော့ပါးလာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။