ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၉ ရက်က အိမ်နီးချင်းစကားများရန်ဖြစ်ရာက အမျိုးသမီးသုံးဦးဓားဖြင့် အခုတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၂ နာရီခွဲ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်နေ မင်းဦး(၄၇) နှစ်က ၎င်း၏နေအိမ်အောက်ထပ် လှေကားအောက်တွင် သန့်ရှင်းရေးလုပ်ကိုင်ကာ လှေကားဘေး အိမ်နံရံအား မိုးကာ ကျောက်ပြား အစရှိသည့် အတိုအစများ နှင့် အကာအရံပြုလုပ်ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ထွက်သည့် ဆူညံသံများကိုအကြောင်းပြုကာ ခြေရင်းကပ်လျက်နေအိမ်တွင် နေထိုင်သူ အသက် ၇၄ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်းနှင့် သမီးများဖြစ်သော ဒေါ်နှင်းရီဦး(၄၇)နှစ်၊ ဒေါ်လှဝင်းနွယ်(၃၇)တို့နှင့ မင်းဦးတို့ အပြန်အလှန်စကားများရန်ဖြစ်ခဲ့သည်။
ထိုသို့စကားများစဉ် ယင်းသားအမိသုံးဦးက မင်းဦး၏ နေအိမ်ခြံဝန်းအတွင်း ဝင်လာပြီး နေအိမ်အဝင်ဝ တံခါးအနီး ရောက်ရှိစဉ် မင်းဦးက နေအိမ်အပေါ်ထပ်မှ ဓားကိုယူဆောင်ကာ ၎င်းတို့သုံးဦးကို ခုတ်ခဲ့သည်။
ဓားခုတ်ခံရသဖြင့် ဒေါ်ခင်ဆွေဝင်း(၇၄)နှစ်တွင် ယာလက်မောင်း ပြတ်ရှဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)ရရှိပြီး ဒေါ်နှင်းရီဦး(၄၇)နှစ်တွင်တွင် ယာ/ဘယ် ထိုးသွင်းဒဏ်ရာ နှစ်ချက်(စိုးရိမ်ရ)နှင့် ဒေါ်လှဝင်းနွယ်(၃၇)နှစ်တွင် ယာလက်မောင်းပြတ်ရှဒဏ်ရာ တစ် ချက် (မစိုးရိမ်ရ)ရရှိကာ ဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် ဒေါ်နှင်းရီဦးမှာ ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ရွှေပြည်သာမြို့မရဲစခန်းက (ပ)၁၄၅၁/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၄၅၂ အရ ကနဦး အမှုဖွင့်ခဲ့ပြီးနောက် ဆေးစာပြန်ကြားချက်အရ ရာဇသတ်ကြီးပုဒ်မ ၃၀၂ သို့ ပြောင်းလဲအမှုဖွင့်အရေးယူထားသည်။

















