မာခရွန်၏ ဥရောပစစ်တပ်ဖွဲ့စည်းရေးအဆိုသည် စော်ကားခြင်းဟု ထရမ့်ဆိုမှုနားလည်မှုလွဲခြင်းဟုပြင်သစ်ဆိုပြီး မာခရွန်နှင့်ထရမ့် ဥရောပလုံခြုံရေးဆွေးနွေး

မာခရွန်၏ ဥရောပစစ်တပ်ဖွဲ့စည်းရေးအဆိုသည် စော်ကားခြင်းဟု ထရမ့်ဆိုမှုနားလည်မှုလွဲခြင်းဟုပြင်သစ်ဆိုပြီး မာခရွန်နှင့်ထရမ့် ဥရောပလုံခြုံရေးဆွေးနွေး

ပထမကမ္ဘာစစ်ပြီးဆုံးမှုအထိမ်းအမှတ်ပွဲတက်ရန် ပါရီသို့ရောက်ရှိခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်နှင့်တွေ့ဆုံခြင်းမပြုမီ မာခရွန်၏ ဥရောပသမဂ္ဂစစ်တပ်ဖွဲ့စည်းရေးအဆိုပြုချက်သည် စော်ကားမှုတစ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

 ထရမ့်သည် နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတမာခရွန်နှင့် သမ္မတထရမ့်တို့ တွေ့ဆုံခဲ့ရာတွင် နှစ်ဘက်အကြား တင်းမာလျှော့ချရန် နည်းလမ်းရှာဖွေလျက် အကြိတ်အနယ်ဆွေးနွေးခဲ့ကြသည်။
 နိုဝင်ဘာ ၁၀ ရက်တွင် သမ္မတမာခရွန်နှင့်တွေ့ဆုံဆွေးနွေးခြင်းမပြုမီ သမ္မတထရမ့်က မာခရွန်၏ လွန်ခဲ့သည့် သုံးရက်က အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ရန်မှ ကာကွယ်ရန် ဥရောပတွင် ကိုယ်ပိုင်စစ်တပ်ထူထောင်ရန်ပြောဆိုခဲ့မှုအပေါ် လွန်စွာစော်ကားမှုဟု ဝေဖန်ခဲ့ပြီး ဥရောပအနေဖြင့် ပထမဦးစွာ နေတိုးအဖွဲ့အတွက် မျှဝေကျခံသင့်သည်များပေးရန် လိုကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။
 ထရမ့်က ၄င်းတို့သည် ဥရောပကိုကူညီလိုကြောင်း၊ သို့သော် မျှတသင့်ကြောင်း၊ ယခုအခါ ဝန်ထုပ်ဝန်ပိုးမျှဝေမှုသည် အမေရိကန်အပေါ် ကြီးမားစွာကျရောက်နေကြောင်း၊ အမေရိကန်သာလျှင် ယင်းသို့ထမ်းဆောင်နေသည်ကို သမ္မတမာခရွန် နားလည်သင့်ကြောင်း ပြောဆိုခဲ့သည်။
 မာခရွန်ကလည်း ၄င်းတို့သည် နေတိုး၏ဝန်ထုပ်ဝန်ပိုးကို ပိုမိုထမ်းရွက်လို၍ ဥရောပကာကွယ်ရေးအတွက် အဆိုပြုချက် တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသဘောထား ပြောင်းလဲမှုမရှိကြောင်း၊ ဥရောပလုံခြုံရေးကို အမေရိကန်ကသာ အာမခံထားရခြင်းသည် မဖြစ်သင့်ကြောင်း ပြောဆိုခဲ့သည်။
 ထရမ့်သည် ဇနီးမယ်လင်နီယာထရမ့်နှင့်အတူ သမ္မတဖြစ်ပြီးနောက် ဒုတိယအကြိိမ်အဖြစ် ပြင်သစ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်၊ ရုရှားတို့အပြင် အမေရိကန်ကိုပင်လျင် ဥရောပအနေဖြင့် မိမိဘာသာ ကာကွယ်သွားရမည်ဖြစ်ကြောင်း သမ္မတမာခရွန်က ပြောဆိုခဲ့သည်။
 မာခရွန်သည် နေတိုးအဖွဲ့၏ရည်မှန်းချက်နှင့်အညီ ပြင်သစ်ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ပေးရန် ဆောင်ရွက်နေပြီး နေတိုးအဖွဲ့နှင့်မဆိုင် သီးခြားလွတ်လပ်သည့် ကိုးနိုင်ငံပါ ဥရောပသမဂ္ဂ၏ လျင်မြန်စွာတုံ့ပြန်ရေးတပ်ဖွဲ့ ဖွဲ့စည်းသင့်ကြောင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။ ယင်းတပ်ဖွဲ့သည် စစ်ရေးဆိုင်ရာပူးပေါင်းတုံ့ပြန်မှုနှင့် စစ်ဇုန်မှ အရပ်သားကယ်ထုတ်ရေး၊ သဘာဝဘေးကူညီကယ်ဆယ်ရေးတို့ကို ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။
 ပထမကမ္ဘာစစ်ပြီးဆုံးမှုအထိမ်းအမှတ်ပွဲတက်ရန် ပါရီသို့ နိုင်ငံခေါင်းဆောင် ၇၀ ခန့် ရောက်ရှိခဲ့ကြရာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်၊ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်နှင့် တူရကီသမ္မတ ရီဆက်တေးရစ်အာဒိုဂမ်တို့လည်း ပါဝင်ကြောင်း သိရသည်။