ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ အပန်းဖြေကမ်းခြေတွင် ဈေးဆိုင်ခန်းပေါင်း ၁၀ဝ ကျော် ပါဝင်မည့် ကမ်းခြေခရီးသွား
မြှင့်တင်ရေးဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ချောင်းသာကမ်းခြေဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဈေးဆိုင်ခန်း ၁၀ဝ ကျော်
"ကမ်းခြေဖွံ့ဖြိုးရေးအတွက်ရော၊ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်တွေ အပန်းပြေစေဖို့ အတွက် ရည်ရွယ်ပြီးတော့ ကမ်းခြေခရီးသွား မြှင့်တင်ရေးဈေးရောင်းပွဲတော်ကို လုပ်တာဖြစ် ပါတယ်။ ညပိုင်းမှာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ဈေးဆိုင်ခန်း ၁၀ဝ ကျော်ဖွင့်လှစ်ရောင်းချပြီး ကျင်းပသွားမှာပါ"ဟု ချောင်းသာကမ်းခြေ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်အောင်က ပြောဆိုသည်။
လက်ဝှေ့ပြိုင်ပွဲ
ပွဲတော်တွင် ဒေသထွက်ပစ္စည်းအမျိုးမျိုး၊ အစားအသောက်အမျိုးမျိုး၊ အမှတ်တရ လက်ဆောင်ပစ္စည်းအမျိုးမျိုး ရောင်းချပေးမည် ဖြစ်ပြီး ညပိုင်းတွင် နာမည်ကြီးတေးသံရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များအပြင် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
နည်းနည်းတိုးလာ
"ပွင့်လင်းရာသီအစမို့နဲ့ တူပါတယ်။ ခရီး သွားဧည့်သည်တွေ မိုးတွင်းတုန်းကထက် နည်းနည်းတိုးလာတယ်လို့ ပြောနိုင်ပါတယ်။ ကမ်းခြေမှာရှိတဲ့ဆိုင်ခန်းတွေ၊ ဟိုတယ်တွေက ဧည့်သည်တွေဝင်မှ လုပ်ငန်းတွေ ရှေ့ဆက် ရပ်တည်နိုင်မှာပါလို့သာ ပြောပါရစေ"ဟု ချောင်းသာကမ်းခြေရှိ တို့မိတ်ဆွေဟိုတယ် ပိုင်ရှင် ဦးမြင့်ဆွေက ပြောဆိုသည်။
ပြည်တွင်းပြည်ပ
ချောင်းသာကမ်းခြေမှာ ပုသိမ်မြို့နှင့် ၃၅ မိုင်အကွာတွင်တည်ရှိပြီး မြန်မာနိုင်ငံရှိ ဟိုတယ် ဇုန် ၁၉ ခုတွင် ပါဝင်ပြီး ကမ်းခြေအရှည် ၁ ဒသမ ၅ မိုင်ခန့်ရှိကာ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်အများဆုံး လာရောက်သည့် ကမ်းခြေဖြစ်ကြောင်း သိရသည်။
ချောင်းသာကမ်းခြေသို့ ၂၀၁၈ ခုနှစ် အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် စုစုပေါင်းသုံးသိန်းကျော်ခန့် ဝင်ရောက်ထား ကြောင်း ချောင်းသာကမ်းခြေဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
















