ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၊ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် ဆိုင်ကလုန်း မုန်တိုင်း "ဂါဂျာ" အားကောင်းလာခဲ့ပြီး ယင်းဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ချိန်၌ မြန်မာနိုင်ငံဒေသအချို့တွင် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက နိုဝင်ဘာ ၁၁ ရက်၌ပြောသည်။
" အခုဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းက အိန္ဒိယကိုဝင်မှာပါ ။ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာ မိုးရမယ် ။ ပင်လယ်သွားရေယာဉ်တွေတော့ သတိထားသွားရမှာပါ " ဟု ၎င်းက ပြောသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း"ဂါဂျာ"(Gaja) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
"ဂါဂျာ"၏အရှိန်ကြောင့် နောက်(၃၆)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၈)ပေမှ (၁၀) ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် ကြိုတင်သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















