ကယ်လီဖိုးနီးယားတောမီးကြောင့် သေဆုံးသူ ၂၅ ဦးအထိရှိလာ

ကယ်လီဖိုးနီးယားတောမီးကြောင့် သေဆုံးသူ ၂၅ ဦးအထိရှိလာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၌ လောင်ကျွမ်းနေသည့်တောမီးကြောင့် သေဆုံးသူသည် ၂၅ ဦးအထိ ရှိလာပြီဖြစ်ပြီး မီးလောင်နေသည့်အဓိကနေရာသုံးခုမှ လူ ၂၅၀ဝ၀ဝ ခန့်ကို နေအိမ်များမှပြောင်းရွှေ့ရန် အာဏာပိုင်များက ညွန်ကြားထားသည်။

ပြည်နယ်မြောက်ပိုင်း၊ ပါရာဒိုက်စ်မြို့အနီးတွင် အလောင်း ၁၄ လောင်း ထပ်မံတွေ့ရှိခဲ့ပြီးနောက် သေသူအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်က မီးလောင်မှုအတွက် သစ်တောစီမံမှု ညံ့ဖျင်းမှုကြောင့် အပြစ်ဖို့ခဲ့ပြီး ယင်းမှတ်ချက်သည် အဓိပ္ပာယ်မရှိကြောင်း တုံ့ပြန်ဝေဖန်ခံရသည်။ 
    ပါရာဒိုက်စ်အပြင် မာလီဘူကမ်းခြေတွင် လောင်ကျွမ်းမှုသည်လည်း နှစ်ရက်အတွင်း ဧရိယာ နှစ်ဆကျယ်ပြန့်ခဲ့ပြီး ဧက ၇၀ဝ၀ဝ(ဟက်တာ ၂၈၀ဝ၀)ခန့်ကို သက်ရောက်နေပြီဖြစ်သည်။ အဓိကမီးလောင်မှုသုံးနေရာအပါအဝင် နေရာ ၁၆ ခုတွင် မီးများလောင်ကျွမ်းနေခြင်းဖြစ်သည်။
    မိုးလေဝသပညာရှင်များက အန္တရာယ်ရှိအခြေအနေသည် လာမည့်အပတ်အထိ ဆက်ဖြစ်နေနိုင်ကြောင်း သတိပေးထားသည်။ မီးကိုအပြည့်အဝထိန်းချုပ်နိုင်ရန် အချိန်သုံးပတ်ခန့်ယူရမည်ဖြစ်ကြောင်း မီးသတ်အကြီးအကဲက ပြောဆိုထားသည်။ မီးကြောင့် အဆောက်အအုံ ၆၇၀ဝ ကျော် ပျက်စီးခဲ့ပြီဖြစ်ကာ ပြည်နယ်သမိုင်းတွင် ပျက်စီးမှုအများဆုံး မီးလောင်မှုဖြစ်သည်။
    မာလီဘူနှင့် ကာလာဘာဆာစ်အနီးတို့မှ အိုးအိမ်စွန့်ခွာရန် ညွန်ကြားခံရသူများထဲတွင် ကင်မ်ကာဒါရှီအန်၊ ကိုင်တ်လင်း ဂျန်နာ၊ လေဒီဂါဂါနှင့် ဂူလာမို ဒဲလ်တိုရိုတို့အပါအဝင် နာမည်ကြီးအနုပညာရှင်များစွာ ပါဝင်သည်။ 
သရုပ်ဆောင် မာတင်ရှင်းန် ပျောက်ဆုံးနေကြောင်း သတင်းထွက်ခဲ့ပြီး နောက်ပိုင်းတွင် ကမ်းခြေတစ်နေရာတွင် အထိအခိ်ုက်မရှိဟု သိရသည်။
    မီးကြောင့် Westworld  ရုပ်သံဇာတ်လမ်းတွဲဆက်တင်တစ်ခုလည်း ပျက်စီးခဲ့ပြီး မာလီဘူမှ ပက်ပါဒိုင်း တက္ကသိုလ်လည်း လောင်ကျွမ်းလုနီးဖြစ်ခဲ့သည်။ ကယ်လီဖိုးနီးယားသည် ပြီးခဲ့သည့်နှစ်များအတွင်း တောမီးလောင်ကျွမ်းမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုမီးလောင်မှုမတိုင်မီ ယခုနှစ်အတွင်း မန်ဒိုစီနို၌ လောင်ကျွမ်းခဲ့သည့်တောမီးသည် ပြည်နယ်သမိုင်း၌ အဆိုးရွားဆုံးဖြစ်ခဲ့သည်။