တရုတ်နိုင်ငံ၌ နိုဝင်ဘာ ၁၁ ရက်တွင် နှစ်စဉ်ပြုလုပ်နေကျ တစ်ကိုယ်ရေတစ်ကာယ အဖော်မမှီးသူများနေ့ ရောင်းဝယ်မှုအတွင်း ပထမဆုံးနှစ်နာရီကာလ၌ ဒေါ်လာ ၁၄ ဘီလျံကျော် ရောင်းချခဲ့ရသည်။
အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေခြင်း၊ စတော့ရှယ်ယာဈေးကျဆင်းနေခြင်းနှင့် စီးပွားရေးတိုးတက်မှုနှေးနေခြင်းတို့ရှိခဲ့သောကြောင့် အဖော်မမှီးသူများနေ့ ရောင်းဝယ်ရေးကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းမှုများရှိခဲ့သော်လည်း ရောင်းအား ကောင်းခဲ့ခြင်းဖြစ်သည်။
တရုတ်အွန်လိုင်းကုန်သွယ်ရေးကုမ္ပဏီ အလီဘာဘာ၏ ကမကထပြုမှုဖြင့် ဒီဂျစ်တယ်လက်လီအရောင်းသမားများသည် ယင်းနေ့တွင် လျှော့ဈေးပေးခြင်းအပါအဝင် ရောင်းအားကောင်းအောင်လုပ်ခဲ့ကြသည်။
နိုဝင်ဘာ ၁၁ ရက် သန်းခေါင်ကျော်ပြီး နှစ်နာရီ ငါးစက္ကန့်တွင် အလီဘာဘာဝက်ဘ်ဆိုက်မှတစ်ဆင့်ရောင်းဝယ်မှုတန်ဖိုးသည် ယွမ် ၁၀ ဘီလျံ( ဒေါ်လာ ၁ ဒသမ ၄၅ ဘီလျံ) ရှိခဲ့သည်။ တစ်နာရီနှင့် ၄၇ မိနစ်ပြည့်ချိန်တွင် ရောင်းအားသည် ဆယ်ဆတိုးသွားပြီဖြစ်သည်။
၁၉၉၀ ပြည့်နှစ်ကျော်ကာလများတွင် ချစ်သူရည်းစားမရှိသည့် တရုတ်တက္ကသိုလ်ကျောင်းသားများက တစ်ကိုယ်တည်း အဖော်မမှီးနေ့ကို စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်တွင် ယင်းနေ့သည် ၁၁ ရက် ၁၁ လပြည့်သော နေ့ဖြစ်သောကြောင့် ၁၁ ပူးအဖြစ် ခေါ်ဆိုခဲ့ကြသည်။
တရုတ်ရှိ တွစ်တာကဲ့သို့ လူမှုကွန်ရက် ဝေပို၌ နိုဝင်ဘာ ၁၁ ရက်တွင် အဆိုပါနေ့နှင့်ဆက်စပ်သော ပို့စ်များကို မြင်တွေ့ခဲ့ရသည်။ အဖော်မမှီးနေ့သည် လျှော့ဈေးပေးသောနေ့မဟုတ်ဘဲ ကျေးဇူးတင်သော နေ့ဖြစ်ကြောင်း၊ ယင်းနေ့တွင် လက်လီအရောင်းသမားများသည် စားသုံးသူများကိုကျေးဇူးတင်သည့်အနေဖြင့် အကောင်းဆုံးထုတ်ကုန်များကို အကောင်းဆုံးလျှော့ဈေးဖြင့် ရောင်းချကာ ကျေးဇူးတရားကို သိတတ်ခြင်းသာဖြစ်ကြောင်း အလီဘာဘာကိုတည်ထောင်သူ ဂျက်မာကပြောဆိုခဲ့သည်။
တရုတ်အွန်လိုင်းအရောင်းအဝယ်ဝက်ဘ်ဆိုက်များ၌ အရည်အသွေးညံ့သည့် ကုန်ပစ္စည်းများ၊ ပစ္စည်းအတုများရှိနေခဲ့သည့်အတွက် ဝေဖန်မှုများရှိနေခဲ့သည်။ ဈေးဝယ်သူများအနေဖြင့် တန်ဖိုးထက် အရည်အသွေးကိုကြည့်ပြီးသာ ဝယ်ယူရန် တိုက်တွန်းလိုကြောင်း ပေကျင်းနည်းပညာနှင့် စီးပွားရေးတက္ကသိုလ်မှ ဘောဂဗေဒပါမောက္ခ ဟောင်တောက်ကပြောဆိုခဲ့သည်။

















