အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ဖလော်ရီဒါပြည်နယ်၌ မဲပြန်လည်ရေတွက်မည်

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲတွင် ဖလော်ရီဒါပြည်နယ်၌ မဲပြန်လည်ရေတွက်မည်

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဖလော်ရီဒါပြည်နယ်၌ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အထက်လွှတ်တော်အမတ် နေရာများအတွက် မဲမတိမ်းမယိမ်း ဖြစ်နေသဖြင့် မဲများကို စက်ဖြင့် ပြန်လည်ရေတွက်သွားမည်ဖြစ်သည်။

မဲကွာခြားချက်သည် ဝ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသောကြောင့် ဥပဒေအရ မဲများကို စက်ဖြင့် ပြန်လည်ရေတွက်သွားမည်ဖြစ်ကြောင်း ဖလော်ရီဒါ ပြည်နယ်ရေးရာ အတွင်းရေးမှူး ကန် ဒတ်ဇ်နာက ပြောသည်။

မဲကွာဟချက် ကျဉ်းမြောင်းမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်များသည် ကြားဖြတ်ရွေးကောက်ပွဲကို အသုံးချကာ အမြတ်ထုတ်ရန် ကြိုးပမ်းနေသည်ဟု သက်သေမရှိဘဲ စွပ်စွဲပြောကြားခဲ့သည်။ 
    ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ်အဖြစ် ဝင်ပြိုင်ထားသည့် လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး ရီပတ်ဘလီကန်ပါတီဝင် ရစ် စကော့ကလည်း သမ္မတ ထရမ့်ကဲ့သို့ပင် အလားတူ စွပ်စွဲပြောကြားထားပြီး သက်သေမူကား ထုတ်ပြနိုင်ခြင်းမရှိကြောင်း တွေ့ရသည်။ 
    မဲပြန်လည်ရေတွက်မှုများသည် ရက်ပေါင်းများစွာ ကြာကောင်း ကြာနိုင်သလို၊ ထို့နောက်တွင်လည်း တရားရင်ဆိုင်မှုများ ဆက်ရှိလာပါက ဖလော်ရီဒါ  ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကို ကြေညာရန် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ထားသည်။ 
    ဖလော်ရီဒါပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် လက်ရှိ အထက်လွှတ်တော်အမတ် ဒီမိုကရက်ပါတီဝင် ဘီလ်  နီလ်ဆင်နှင့် ရီပတ်ဘလီကန်ပါတီဝင် လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး ရစ် စကော့တို့အကြား မဲကွာခြားချက် ဝ ဒသမ ၁၅ ရာခိုင်နှုန်းသာ ရှိနေသည်။