စုံစမ်းဖော်ထုတ် သတင်းဝက်ဘ်ဆိုက်ကို အခွန်ရှောင်မှုဖြင့် ဖိလစ်ပိုင်အစိုးရ တရားစွဲမည်

စုံစမ်းဖော်ထုတ် သတင်းဝက်ဘ်ဆိုက်ကို အခွန်ရှောင်မှုဖြင့် ဖိလစ်ပိုင်အစိုးရ တရားစွဲမည်

သမ္မတရိုဒရီဂို ဒူတာတေးကို ဝေဖန်ပြောဆိုလေ့ရှိသည့် အဓိကသတင်းဆိုက် Rappler( ရက်ပလာ) ကို အခွန်ရှောင်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အမြတ်ငွေရရှိမှုပမာဏကို ထုတ်ပြန်ခြင်းမပြုခဲ့သောကြောင့် ရက်ပလာတည်ထောင်သူ မာရီယာ ရက်ဆာကို တရားစွဲဆိုရန် အထောက်အထားခိုင်လုံနေပြီဖြစ်ကြောင်း ဥပဒေအရာရှိများက ပြောဆိုခဲ့သည်။ မီဒီယာနယ်ပယ်တွင် အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ရက်ပလာက တုံ့ပြန်ခဲ့သည်။ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ရက်ဆာသည် ဒဏ်ငွေနှင့် ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်ခံရဖွယ်ရှိနေသည်။
    ရက်ပလာသည် အခွန်ဆိုင်ရာတာဝန်ဝတ္တရာများမရှိသောကြောင့် အစိုးရ၏ပြောဆိုမှုသည် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် ရက်ပလာ၏ ရှေ့နေက သတင်းထောက်များကိုပြောဆိုခဲ့သည်။ လာမည့်အပတ်တွင် ရက်ပလာအား တရားစွဲဆိုမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
    ယခုနှစ်အစောပိုင်းတွင် ရက်ပလာ၏လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်ပိတ်သိမ်းခံရမှုကြောင့် နိုင်ငံတွင်း မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ပြောဆိုမှုများရှိခဲ့သည်။ ရက်ပလာကို စီအင်န်အင်န်ဂျာနယ်လစ်ဟောင်း ရက်ဆာက ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စုံစမ်းဖော်ထုတ်သတင်းစာပညာဆိုင်ရာဆောင်းပါးများ၊ သတင်းများကြောင့် နာမည်ကျော်ကြားခဲ့သည်။
    ဒူတာတေး၏ အများပြည်သူသို့ထုတ်ပြန်သော ပြောဆိုမှုများ မှန်မမှန်ကိုစစ်ဆေးပြီး ၎င်း၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်မှုတို့အပေါ် ဝေဖန်ပြောဆိုနေသည့် လက်တစ်ဆုပ်စာမီဒီယာများတွင် ရက်ပလာပါဝင်ခဲ့သည်။ ဒူတာတေးက သတင်းဆိုက်သည် လီဆည်တင်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ခရီးစဉ်များကို ရက်ပလာသတင်းထောက်များ သတင်းရယူခွင့်ပိတ်ပင်ခဲ့သည်။
    အကြောက်တရားအကြီးအကျယ်စိုးမိုးအောင် လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း ရက်ဆာက ဝါရှင်တန်ဒီစီရှိ နိုင်ငံတကာဂျာနယ်လစ်ဗဟိုဌာနမှ ပေးအပ်သည့် ဆုကိုလက်ခံရယူပြီးနောက် ပြောဆိုခဲ့သည်။ ဖိလစ်ပိုင်သည် အာရှတွင် သတင်းစာလွတ်လပ်မှုအများဆုံးရှိသည့် နိုင်ငံများတွင် ပါဝင်ခဲ့သော်လည်း ဒူတာတေး သမ္မတဖြစ်ချိ်န်မှစ၍ မီဒီယာလွတ်လပ်ခွင့်ထိခိုက်လာခဲ့သည်။ 
    နိုင်ငံတွင်း သတင်းရယူရင်း သေဆုံးခဲ့သည့် ဂျာနယ်လစ်များသည် သေဆုံးထိုက်သူများဖြစ်ကြောင်း ဒူတာတေးက ၂၀၁၆ ခုနှစ်တွင် ပြောဆိုခဲ့သည်။ ၁၉၈၆ ခုနှစ်မှစ၍ ဖိလစ်ပိုင်၌ ဂျာနယ်လစ် ၁၇၆ ဦးသတ်ဖြတ်ခံခဲ့ရပြီးဖြစ်သည်။