သီဟိုစေ့ ဈေးနှုန်းပဋိပက္ခနှင့် ပတ်သက်ပြီး တန်ဇေးနီးယားသမ္မတ ဂျွန် မာဂူဖူလီသည် စိုက်ပျိုးရေးဝန်ကြီးနှင့် ကုန်သွယ်ရေးဝန်ကြီးတို့ကို ရာထူးထုတ်ပယ်ခဲ့သလို ပဋိပက္ခ မပြေလည်ပါက စစ်တပ်ကို ချထား တာဝန်ပေးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။
ကုန်သည်များအနေဖြင့် နိုဝင်ဘာ ၁၂ နောက်ဆုံးထားပြီး သီဟိုစေ့ စိုက်ပျိုးသူများထံမှ သတ်မှတ်ဈေးနှုန်းအတိ်ုင်း ဝယ်ယူကြရန်၊ ဈေးနှိမ်မဝယ်ရန် သမ္မတက ညွှန်ကြားထားသည်။ ကုန်သည်များက မလိုက်နာပါက စစ်တပ်များ စေလွှတ်ကာ သီဟိုစေ့များကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဝယ်ယူမည်ဟု သမ္မတ မာဂူဖူလီက ပြောသည်။
သီဟိုစေ့ တင်ပို့ရောင်းချမှုသည် တန်ဇေးနီးယားအတွက် အဓိက နိုင်ငံခြားငွေဝင်ပေါက်ဖြစ်သည်။ ကုန်သည်များပေးသည့် ဈေးနှုန်းသည် နိမ့်လွန်းသည်ဟုဆိုကာ လယ်သမားများသည် သီဟိုစေ့များကို မရောင်းဘဲ တင်းခံနေကြသည်မှာ ရက်သတ္တပတ်များနှင့်ချီလာပြီဖြစ်သည်။
ကုန်သည်များသည် နိုင်ငံတစ်ဝန်း သီဟိုစေ့ စိုက်ပျိုးသူ လယ်သမား ထောင်ပေါင်းများစွာကို ဈေးနှိမ်အမြတ်ထုတ်ရန် ကြိုးပမ်းနေကြောင်း သမ္မတ မာဂူဖူလီက နိုဝင်ဘာ ၁၀ တွင် ရှုတ်ချပြောဆိုခဲ့ပြီး၊ တစ်ကီလိုလျှင် ၁ ဒသမ ၃ ဒေါ်လာနှုန်းဖြင့် ဝယ်ယူရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
လယ်သမားများလည်း မနစ်နာစေရန်နှင့် နိုင်ငံသည်လည်း သီဟိုစေ့ ပို့ကုန်ဝင်ငွေ မလျော့ကျစေရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ မာဂူဖူလီက ပြောသည်။
၂၀၁၃ ခုနှစ်ကလည်း အလားတူ ဈေးနှုန်းပြဿနာ ဖြစ်ပွားခဲ့ပြီး တန်ဇေးနီးယား တောင်ပိုင်းတွင် သီဟိုစေ့ လယ်သမားများ ဆန္ဒပြမှုများကြောင့် သီဟိုစေ့လုပ်ငန်း ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်။

















