ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်ကို ပစ်ပစ်ခါခါဝေဖန်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မာခရွန်နှင့် တွေ့ဆုံ၍ ညီညွတ်ရေးကြိုးပမ်းလျက်ရှိသည်။ ပထမကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၁၀ဝ ပြည့်အခမ်းအနားတက်ရန် ပါရီ၌ရောက်ရှိနေပြီး ပြင်သစ်ရှိ စစ်သင်္ချိုင်းကို မိုးရွာ၍ ထရမ့်မသွားရောက်ခဲ့ခြင်းအတွက်လည်း ဝေဖန်ပြစ်တင် ခံခဲ့ရသည်။
ထရမ့်သည် မာခရွန်နှင့်တွေ့ဆုံခြင်းမပြုမီ မာခရွန်အဆိုပြုထားသည့် ဥရောပသမဂ္ဂစစ်တပ်ဖွဲ့စည်းရေး ဆိုသည်မှာ စော်ကားမှုတစ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ယင်းနောက် သမ္မတမာခရွန်နှင့် သမ္မတထရမ့်တို့ တွေ့ဆုံခဲ့ပြီး နှစ်ဘက်အကြား တင်းမာမှုလျှော့ချရန် နည်းလမ်းရှာဖွေလျက် အကြိတ်အနယ်ဆွေးနွေးခဲ့ကြသည်။
ပြင်သစ်သည် ရုရှားနှင့်လက်နက်ထိန်းချုပ်ရေးသဘောတူညီမှုမှ နှုတ်ထွက်မည့်အစီအစဉ်ကို အမေရိကန်အစိုးရ အကြံဉာဏ်ပေးရန် သမ္မတမာခရွန်နှင့် သမ္မတထရမ့်တို့ သဘောတူကြောင်း ပြင်သစ်အရာရှိများက ပြောဆိုခဲ့သည်။
အမေရိကန်အတွက် ပြင်သစ်သည် ဥရောပတွင် အခိုင်မာဆုံးမဟာမိတ်ဖြစ်သည့်အလျောက် ထရမ့်သည် မာခရွန်၏ အဆိုပြုချက်ကိုဝေဖန်ခဲ့သော်လည်း ၄င်းတို့သည်မိတ်ဆွေကောင်းများဖြစ်ကြကြောင်း နှစ်ဦးစလုံးက သတင်းထောက်များကို ပြောဆိုခဲ့သည်။
ရုရှားသည် တာလတ်ပစ်နျူကလီးယားတပ်ဖွဲ့များဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း အမေရိကန်နှင့် နေတိုးအဖွဲ့က စွပ်စွဲခဲ့သည်။
သမ္မတထရမ့်သည် ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အမေရိကန်စစ်သည် ၁၈၀ဝ ကျော်ကို ဂုဏ်ပြုရန် ပြင်သစ်ရှိ စစ်သင်္ချိုင်းကိုသွားရောက်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် အစီအစဉ်ဖျက်သိမ်းခဲ့ခြင်းသည် မဖြစ်သင့်ကြောင်း၊ နည်းလမ်းရှာဖွေသွားရောက်သင့်ကြောင်း ဝေဖန်ခံခဲ့ရသည်။
နိုဝင်ဘာ ၁၁ ရက်တွင် ပါရီမှ မိုင် ၅၀ ကျော်အကွာရှိ ဘဲလိုစစ်သင်္ချိုင်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ရမည့် ခရီးစဉ်ကို ရာသီဥတုကြောင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ရက်တွင် အခြားစစ်သင်္ချိုင်းတစ်ခုသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

















