ယာဉ်တစ်စီးဖြင့်လှည့်လည် သွားလာကာ ညအိပ်ရပ်ထားသည့်ယာဉ်များမှ ဘက်ထရီအိုးများနှင့်အခြားပစ္စည်းများကို လိုက်လံခိုးယူခဲ့သူ လေးဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာ ၇ ရက်နေ့နံနက် ၁၀ နာရီခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၄)ရပ်ကွက်၊ ကရုဏာလမ်းရှိအဟောင်းပစ္စည်း ဝယ်/ရောင်းဆိုင်သို့ 8D /------- TOWN ACE လိုက်ထရပ်၊ အဖြူရောင် ယာဉ်ဖြင့် ဘက်ထရီအိ်ုး ၂ လုံး လာရောက်ရောင်းချသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၀)ရပ်ကွက်နေသူများဖြစ်သည့် မီယာမိုက် တင် (ခ)တင်အောင်မိုး (၄၃) နှစ်၊ အဘီတာ(ခ)ရန်နိုင်ထွန်း( ၂၁)နှစ်၊ မာမက် (ခ)ရန်နိုင်(၁၅)နှစ် နှင့်ဒေါပုံမြို့နယ်၊နွယ်အေးရပ်ကွက်နေ ဖိုက်ဇဲလ်(ခ)ကိုကိုဦးတို့ကို မသင်္ကာဖွယ်သတင်းအရ ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါလိုက်ထရပ်ယာဉ်အတွင်းမှ ဂွင်းကွရှင်တစ်ချောင်၊ ဂွင်း/ဂွဆိုဒ်မျိုးစုံ ကိုးချောင်း၊ အနက်ရောင် ပလပ်စတစ်လက်ဆွဲပုံး တစ်ပုံး၊ အပြာရောင်ဆီကတော့ တစ်ခု၊ သံဖြတ်လွှတပ်ဆင်ထားသည့် ကိုင်းလွှတစ်ချောင်း၊ သံဖြတ်လွှအပြာရောင် အလွတ်တစ်ချောင်း၊ ဘက်ထရီအိုးနှစ်လုံးတွေ့ရှိခဲ့သည်။
ထို့ကြောင့် သက်ဆိုင်ရာက မေးမြန်းရာ ရွှေပြည်သာ မြို့နယ်၊လှော်ကားတာဆုံအနီးလမ်းမပေါ်တွင် ရပ်ထားသည့် YBS (4)ယာဉ်မှ ခိုးယူရရှိခဲ့ ကြောင်း ပေါ်ပေါက်ခဲ့သည်။
၄င်းတို့ လေးဦးကို စစ်ဆေးချက်များအရ ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ငှားရမ်းထားသည့် လိုက်ထရပ်ယာဉ်ဖြင့် လှည့်လည်သွားလာပြီး မြို့နယ်များအတွင်းရပ်ထားသည့် ယာဉ်များပေါ်မှ ဘက်ထရီအိုးမျိုးစုံ ၁၆ လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
၄င်းတို့ လေးဦးကို အမှုဖွင့်ကာ ဆက်လက်အရေးယူထားသည်။

















