လက်ကိုင်ဖုန်းနှင့် နိုင်ငံခြားငွေများ ခိုးယူခဲ့သူကို ဖုန်းမှတစ်ဆင့် ခြေရာခံဖမ်း

လက်ကိုင်ဖုန်းနှင့် နိုင်ငံခြားငွေများ ခိုးယူခဲ့သူကို ဖုန်းမှတစ်ဆင့် ခြေရာခံဖမ်း

လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များအတွင်း လက်ကိုင်ဖုန်း၊ နိုင်ငံခြားငွေများနှင့် လပ်တော့ပ် ခိုးယူခဲ့သူကို သက်ဆိုင်ရာက လက်ကိုင်ဖုန်းမှတစ်ဆင့် စစ်ဆေးဖော်ထုတ်အရေးယူခဲ့သည်။ 

နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်းရှိ အထည်ချုပ်စက်ရုံတွင် မန်နေဂျာအဖြစ်တာဝန်ယူလုပ်ကိုင်သူ အမျိုးသမီးက လုပ်ငန်းခွင်သို့ရောက်ရှိစဉ် စက်ရုံဝင်းအတွင်းရှိ အဆောင်တွင်နေထိုင်သည့် နည်းပညာရှင် တရုတ်နိုင်ငံသားက ၎င်းပိုင်ပစ္စည်းအချို့ အခိုးခံခဲ့ရကြောင်း ပြောပြသိရှိခဲ့ရသည်ဟု ဆိုသည်။

နိုဝင်ဘာ ၈ ရက်ည ၁၀ နာရီခန့်တွင် အဆိုပါတရုတ်နိုင်ငံသားသည်၎င်းနေထိုင်ရာ အခန်းအတွင်းရှိ ပြတင်းပေါက်တံခါးဖွင့်၍ အိပ်ယာဝင်ခဲ့သည်။ပြီးနောက် နံနက် ၄ နာရီ အချိန်အိပ်ရာမှလန့်နိုးစဉ် အိပ်ယာခုတင်ဘေးစားပွဲပေါ်တွင် တင်ထား သည့် ၎င်းပိုင် Iphone 6 S အမျိုးအစားခဲရောင်လက်ကိုင်ဖုန်းနှင့် ဖုန်းတင်ထားသည့်စားပွဲအံဆွဲအတွင်းမှ အမေရိကန်ဒေါ်လာ (၁၀ဝ) တန်(၁၃)ရွက်၊ တရုတ်ယွမ်ငွေ(၁၀)တန်(၃)ရွက် စုစုပေါင်းတန်ဖိုး မြန်မာငွေ(၁၉၅၇၅၀ဝ)ကျပ်တို့ ပျောက်ဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

လှိုင်သာယာမြို့မရဲစခန်းက (ပ)၄၂၁၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့် စုံစမ်းခဲ့သည်။ အခင်းဖြစ်စဉ်က ခိုးယူခံရသည့် iphone ကို ခြေရာခံစစ်ဆေးချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးငြိမ်းရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ Hotel Royal King ရှေ့လမ်းမပေါ်တွင် မသင်္ကာဖွယ်လမ်းလျှောက်နေသူ ဖြိုးပိုင်ထံ ရောက်ရှိနေသည်ကို သိရသဖြင့် အမှုဖြင့် မသင်္ကာသူ ဖြိုးပိုင်ကိုရှာဖွေစစ်ဆေးခဲ့သည်။ 

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ မြေတိုင်း (၂၆)၊ရွှေဘုံသာလမ်းနေ မသင်္ကာသူ ဖြိုးပိုင်လွယ်ထားသည့် လွယ်အိတ်အတွင်းမှ ပျောက်ဆုံးသွားသည့် သက်သေခံပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။ 

အခြားခိုးမှုများကျူးလွန်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၅ ရက်နေ့ ညပိုင်းကလည်း လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁)အတွင်းရှိ တံဆိပ်ရိုက်စက်ရုံအတွင်းမှ DELL အမျိုးအစား Leptop တစ်လုံးနှင့် အမေရိကန်ဒေါ်လာ (၄၄)ဒေါ်လာ၊ချက်လက်မှတ် စာအုပ် (၄)အုပ်တို့ကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး အဆိုပါပစ္စည်းများကို ၄င်း၏ နေအိမ်အတွင်းမှ ပြန်လည်သိမ်းဆည်းရမိခဲ့သည်။