ဝိုင်ဘီအက်စ်ယာဉ်များပေါ်တွင် ခရီးသည်များထံမှ လက်ကိုင်ဖုန်း နှိုက်ယူခဲ့သူများကို ဖမ်းမိ

ဝိုင်ဘီအက်စ်ယာဉ်များပေါ်တွင် ခရီးသည်များထံမှ လက်ကိုင်ဖုန်း နှိုက်ယူခဲ့သူများကို ဖမ်းမိ

ဝိုင်ဘီအက်စ်ခရီးသည်တင်ယာဉ်များပေါ်တွင် လိုက်ပါလာသူ ခရီးသည်များထံမှ လက်ကိုင်ဖုန်းများ နှိုက်ယူခဲ့သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီး စစ်ဆေးခဲ့သည်။ 

အဆိုပါနေ့ နံနက် ၁၀ နာရီခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ လှော်ကားလမ်း၊ ကားကြီးဂိတ်ကားမှတ်တိုင်သို့ ဆိုက်ရောက်လာသည့် YBS ယာဉ်လိုင်း အမှတ် (၇)ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်မသင်္ကာသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၃)ရပ်ကွက် နေသူ များဖြစ်သည့်အောင်ဇော်ဦး (ခ)ဇော်ကြီး (၃၀)နှစ်နှင့် အောင်ဇေယျာလင်း(၂၁)နှစ်တို့ နှစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးခဲ့သည်။ 
ထို့သို့ စစ်ဆေးခဲ့ရာ အောင်ဇော်ဦး လွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ SAMSUNG Galaxy J -7 အမျိုးအစားဖုန်းတစ်လုံးနှင့် Honor အမျိုးအစား ဖုန်းတစ်လုံးတို့ကို YBS ယာဉ်လိုင်း အမှတ်(၇) ယာဉ် ပေါ်ပါ အမျိုးသမီးတစ်ဦးထံမှလည်းကောင်း၊ YBS ယာဉ်လိုင်းအမှတ်(၆၃)ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးထံမှလည်းကောင်း အသီးသီးနှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၈)ရပ်ကွက်၊ မင်းရဲ ကောင်းပုံလမ်း၊ကားမှတ်တိုင်သို့ ဆိုက်ရောက်လာသည့် YBS (၅၉)ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်မသင်္ကာသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၁၀၄)ရပ်ကွက် နေ ညီညီထွန်း (ခ)ဗျာကြီး(၃၃)နှစ်ထံမှ Mi အမျိုးအစား ဖုန်းတစ်လုံး၊ Vivo Y 15 အမျိုးအစား ဖုန်းတစ်လုံးတို့ကိုတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးခဲ့သည်။အဆိုပါယာဉ်ပေါ်ရှိ အမျိုးသားနှစ်ဦးထံမှ နှိုက်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
ထို့ပြင် အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် YBS ယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်မှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသည့် နေမျိုးဦးတို့အဖွဲ့သည် YBS (၁၀)ယာဉ်ပေါ်မှ ဆင်းလာပြီး အဖြူရောင်အငှားယာဉ်ပေါ်သို့ တက်ကာ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးဘက်မှ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ဘက်သို့ မောင်းနှင်သွားသည်ကို မသင်္ကာဖွယ်တွေ့ရသဖြင့် ရဲတပ်ဖွဲ့ကလိုက်လံ စောင့်ကြည့်ခဲ့သည်။ 
ထိုသို့စောင့်ကြည့်စုံစမ်းစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်(၁၇)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် အမှတ်(၂)လမ်းမကြီးထောင့် ကျောက်လမ်းကားမှတ်တိုင်အနီးတွင် လှိုင်သာယာမြို့နယ်၊(၁၉)ရပ်ကွက်နေ နေမျိုးဦး(၃၇)နှစ်၊ရွှေပြည်သာမြို့နယ်၊(ထ)ရပ်ကွက်နေ ဝင်းထွန်းလတ်(ခ)ရာဇာ(၄၀)နှစ်၊ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးနေ အောင်သူထွန်း(၃၁)နှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက် နေများဖြစ်သည့်သက်နိုင်ထွန်း(၂၇)နှစ်နှင့် ချစ်မင်းထွန်း(၂၅)နှစ်တို့ကိုမသင်္ကာဖွယ်တွေ့ရှိစစ်ဆေးခဲ့သည်။ 
၄င်းတို့ကို စစ်ဆေးချက်များအရ HUAWEI အမျိုးအစားဖုန်းတစ်လုံး၊ Mi အမျိုးအစားဖုန်းတစ်လုံး၊ Honor အမျိုးအစား ဖုန်းတစ်လုံး၊ STAR စာတန်းပါ အနက်ရောင်ကျောပိုးအိတ်တစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်။