ပါရီ၌ ကျင်းပသည့် ပထကမ္ဘာစစ် စစ်ပြေငြိမ်းမှု နှစ် ၁၀၀ ပြည့်အခမ်းအနားတွင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် အမျိုးသားရေးဝါဒကို လက်မခံဘဲ ငြင်းဆန်ကြရန် ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်က တိုက်တွန်းခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ အပါအဝင် နိုင်ငံခေါင်းဆောင် ၇၀ ခန့် တက်ရောက်သည့် နိုဝင်ဘာ ၁၁ ရက်အခမ်းအနားတွင် မာခရွန်က တစ်ဦးနှင့်တစ်ဦး ကြောက်စိတ်ဖြင့် ဆန့်ကျင်နေမည့်အစား မျှော်လင့်ချက်များတည်ဆောက်ခွင့်ပြုရန်၊ ငြိိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းခဲ့သည်။
ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်း ဖြစ်ပွားခဲ့ကာ စစ်သည် ၉ ဒသမ ၇ သန်းနှင့် အရပ်သား ၁၀ သန်းခန့် သေဆုံးခဲ့သည်။ မိုးဖွဲဖွဲရွာနေသည့်အောက်တွင် ထီးများဆောင်းလျက် သမ္မတမာခရွန်နှင့် ဧည့်သည်တော်များသည် အမည်မသိစစ်သည်ဂူဗိမာန်သို့ ချီတက်အလေးပြုခဲ့ကြသည်။
မိနစ် ၂၀ ကြာမိန့်ခွန်းပြောဆိုခဲ့သည့် မာခရွန်က အတိတ်ကသင်ခန်းစာများကိုမမေ့ရန် နိုင်ငံခေါင်းဆောင်များကို မေတ္တာရပ်ခံလိုက်ပြီး ပြည်ချစ်ဝါဒသည် မျိုးချစ်ဝါဒ၏ဆန့်ကျင်ဖက်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ ပြင်သစ်သမ္မတ မာခရွန်၊ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာမာကယ်၊ ရုရှားသမ္မတ ပူတင်နှင့် တူရကီသမ္မတ အာဒိုဂမ်တို့သည် ပါရီငြိမ်းချမ်းရေး ဖိုရမ်သို့ အတူတကွ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

















