ဖုန်းပြောနေသူ အမျိုးသမီးကို တုတ်ဖြင့်ရိုက်ကာ လက်ကိုင်ဖုန်း လုယူခဲ့သည်ဆိုသူ ၃ ဦးကို လှည့်ကင်းအဖွဲ့ ဖမ်းဆီး

ဖုန်းပြောနေသူ အမျိုးသမီးကို တုတ်ဖြင့်ရိုက်ကာ လက်ကိုင်ဖုန်း လုယူခဲ့သည်ဆိုသူ ၃ ဦးကို လှည့်ကင်းအဖွဲ့ ဖမ်းဆီး

ပြည်ကြီးတံခွန်မြို့နယ်တွင် ဖုန်းပြောနေသူ အမျိုးသမီးကို သစ်သားတုတ်ဖြင့်ရိုက်နှက်ကာ လက်ကိုင်ဖုန်းကိုလုယူခဲ့သည်ဆိုသူ ၃ ဦးကို လှည့်ကင်းအဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ 

အဆိုပါနေ့ ည ၉ နာရီအချိန် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ မွေတော်ကျီကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ သာယာဝတီမင်းကြီး လမ်းနှင့် ကျန်စစ်သားမင်းကြီးလမ်းကြား၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ရှေ့တွင် ယာဉ်စစ် ပိတ်ဆို့ရှာ ဖွေစစ်ဆေးစဉ် ရန်ကုန်- မန္တလေးကားလမ်းအတိုင်း  ပြည်ကြီးတံခွန်မြို့နယ်နေ အောင်နိုင် ၁၇ နှစ်၊ မောင်းနှင်ပြီး ပိုင်စိုးကျော်(ခ)ကိုပိုင် ၁၆ နှစ် နှင့် လွင်ကိုကိုနိုင်(ခ) ဘက်ခမ်း ၁၇ နှစ် လိုက်ပါလာသည့် Super Anbo 125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ်  အလယ်တွင် လိုက်ပါလာသူ လွင်ကိုကိုနိုင်(ခ) ဘက်ခမ်းမှ အရှည်(၂၃)လက်မခန့်ရှိ သစ်သား တုတ်(၁)ချောင်းနှင့် လက်ကိုင်ဖုန်း (၁)လုံးတို့ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်ကို တွေ့သဖြင့် စစ်မေးခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ ၎င်းတို့သည် ည ၈ နာရီခွဲအချိန်ခန့်က တံခွန် တိုင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ စက်မှုလယ်ယာ ဝန်ထမ်းလိုင်းရှေ့တွင် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသူ အမည်မသိ အမျိုးသမီး(၁)ဦးအား ပိုင်စိုးကျော်(ခ)ကိုပိုင်က သစ်သား တုတ်ဖြင့် ရိုက်နှက်ပြီး လက်ကိုင်ဖုန်း လုယက်ယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများကို သိမ်းဆည်းကာ ၄င်းတို့ ၃ ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။