ဒုဋ္ဌဝတီမြစ်ကြောင်းအတိုင်း ကျွန်းသစ်များ စက်လှေဖြင့် ဆွဲယူလာသူ ၃ ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၀ ရက်တွင် ဖမ်းဆီးခဲ့ပြီး သစ်တောဥပဒေအရအမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာရေဆိပ်တွင် ရှော်တယ် အမျိုးအစား စက်လှှေဖြင့် ဒုဋ္ဌဝတီမြစ်ကြောင်းအတိုင်း ကျွန်းသစ်များဆွဲယူလာကြောင်း သတင်းအရ စဉ့်ကိုင်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ စဉ့်ကိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် စဉ့်ကိုင်မြို့နယ် ပုလိပ်မြို့ ညောင်ပင်သာကျေးရွာနေ ပြည့်ဖြိုးဝင်း ၃၀ နှစ်၊ မောင်းနှင်ပြီး ဖိုးကျော် ၃၀ နှစ်နှင့် မင်းသူ ၂၈ နှစ် တို့ လိုက်ပါလာသည့် ရှော်တယ်အမျိုးအစား စက်လှေကိုတွေ့ရှိခဲ့ပြီး တားဆီးစစ်ဆေးရာ ၎င်းစက်လှေနှင့်အတူ တွဲလျက် ပါရှိလာသော ကျွန်းသစ်လုံး ရေ အတို/အရှည် ၅၀ လုံးခန့်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့် ၄င်းတို့ ၃ ဦးကို စဉ့်ကိုင်မြို့မရဲစခန်းက သစ်တောဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားသည်။

















