ပဲခူး - ညောင်လေးပင်- တောင်ငူ မီးရထားလမ်းပိုင်းကို ဦးစားပေးအဆင့်မြှင့်မည်

ပဲခူး - ညောင်လေးပင်- တောင်ငူ မီးရထားလမ်းပိုင်းကို ဦးစားပေးအဆင့်မြှင့်မည်

ရန်ကုန် - မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဂျပန်နိုင်ငံ၏ (ODA) ချေးငွေဖြင့် စီမံကိန်းဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပဲခူး - ညောင်လေးပင် - တောင်ငူ လမ်းပိုင်းကို ပထမဦးစားပေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ 

ရန်ကုန် - မန္တလေး မီးရထားလမ်း (ပထမ)အဆင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၁၆၆ မိုင်အနက် ပဲခူး-ညောင်လေးပင် လမ်းပိုင်း CP 102 ၄၆ ဒသမ ၂၅ မိုင်နှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်း CP 103 ၇၃ ဒသမ ၂၅ မိုင် စုစုပေါင်း ၁၁၉ ဒသမ ၅ မိုင် အား အဆင့်မြှင့်တင် သွားမည်ဖြစ်သည်။
ယင်းအတွက် မီးရထားလမ်းအဆင့်မြှင့်တင်ခြင်း ပထမအဆင့်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ၇၂ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။ ရန်ကုန် - မန္တလေး မီးရထားလမ်း အဆင့်မြှင့် တင်ခြင်းစီမံကိန်းကို မြန်မာ့မီးရထားနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဂျိုက်ကာတို့က ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
ဂျပန်နိုင်ငံ၏ (ODA) ချေးငွေဖြင့် စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်မည်ဖြစ်ရာ စီမံကိန်း ကာလ လေးနှစ်အတွင်း ဆောင်ရွက် သွားမည်ဖြစ်သည်။ ရန်ကုန်မှ ပဲခူးသို့ ၁ နာရီ၊ ပဲခူးမှ မန္တလေး သို့ ၇ နာရီသာ ကြာမြင့်မည်ဖြစ်ပြီး လေအေးပေးစက် တပ်ဆင်ထားသည့် လေအိတ်ရထားများဖြင့် အဆင်ပြေစွာ ခရီးသွားလာနိုင်မည် ဖြစ်သည်။ 
ယင်းသို့လေအိတ်ရထားများဖြင့်ပြေးဆွဲရာတွင် ဂျပန်နိုင်ငံမှ အသုံးပြုပြီးသားရထားများ မဟုတ်ဘဲ တွဲဆိုင်းအသစ်များဖြင့်သာ ပြေးဆွဲပေးသွားမည်ဖြစ်ကာ ယင်းတွဲဆိုင်းများအတွက် အမေရိကန်ဒေါ် လာ ၆၄ သန်းသုံးစွဲသွားမည်ဖြစ်သည်။ 
ရန်ကုန် - မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပထမအဆင့်အနေဖြင့် ပဲခူး - ညောင်လေးပင် - တောင်ငူလမ်းပိုင်းဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ညောင်လေးပင် ဘူတာ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီးH.E. Mr. Ichoro Maruyama ၊ ဂျိုက်ကာအဖွဲ့ တို့က ဖွင့်လှစ်ပေးခဲ့သည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး