အစ္စရေးတိုက်ခိုက်၍ ဟားမတ်စ်တပ်မှူးအပါအဝင် ပါလက်စတိုင်းခုနစ်ဦးသေဆုံး

အစ္စရေးတိုက်ခိုက်၍ ဟားမတ်စ်တပ်မှူးအပါအဝင် ပါလက်စတိုင်းခုနစ်ဦးသေဆုံး

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်များ၏ စစ်ဆင်ရေးတစ်ရပ်အတွင်း ဒေသခံ ဟားမတ်စ်တပ်မှူးတစ်ဦး အပါအဝင် ပါလက်စတိုင်း ခုနစ်ဦး သေဆုံးခဲ့ရကြောင်း ပါလက်စတိုင်းတို့က ထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်ဘက်ကလည်း အထူးတပ်၏စစ်ဆင်မှုတစ်ခုတွင် အစ္စရေးအရာရှိတစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ပြောဆိုခဲ့သည်။

အစ္စရေးတောင်ပိုင်းကို ဂါဇာအတွင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဒုံးကျည်အချို့ ကြားဖြတ်ပစ်ချနိုင်ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတာယာဟုသည် ပထမကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၁၀ဝ ပြည့်အခမ်းအနားတက်ရန် ပါရီရောက်ရှိနေရာမှ ခရီးစဉ်ကိုလျှော့ချခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။        
    နိုဝင်ဘာ ၁၁ ရက်က အစ္စရေးအထူးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသအတွင်း သုံးကီလိုမီတာခန့် ဝင်ရောက်ခဲ့ပြီး အမှတ်အသားမဲ့ ကားတစ်စီးအတွင်းမှနေ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် ဟားမတ်စ်လက်ရုံး တပ်မတစ်ခုမှ တပ်မှူး ရှိတ်နျူရာဘရာခေး ကျဆုံးခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး အစ္စရေးတို့ဘက်မှ လေကြောင်းပစ်ကူများ ရယူခဲ့ကြောင်း ဟားမတ်စ်ဘက်မှ ပြောဆိုခဲ့သည်။
    အစ္စရေးတို့သိမ်းပိုက်ထားသည့် နယ်မြေအတွင်း ပြန်လာလိုကြောင်း ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းများ ဆန္ဒပြကြသည့် မတ်လကုန်မှစ၍ အစ္စရေးလက်ချက်ဖြင့် ပါလက်စတိုင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်အပတ်က ဂါဇာအာဏာပိုင်များထံ ကာတာက အကူအညီ ဒေါ်လာ ၁၅ သန်းဖိုး လွှဲပြောင်းပေးခြင်းကို အစ္စရေး အစိုးရက ခွင့်ပြုခဲ့သည်။ 
ယင်းအတွက် အစ္စလာမ္မစ်စစ်သွေးကြွများ ပိုမိုအားကောင်းစေခဲ့သည်ဟု အစ္စရေးမှ သဘောထား တင်းမာသူများက ဝေဖန်ပြစ်တင်ခြင်းကို နေတာယာဟုက ကာကွယ်ပြောကြားခဲ့သည်။
    ဟားမတ်စ်တို့သည် အစ္စရေးထိန်းချုပ်ထားသည့် ဂါဇာကမ်းခြေတွင် ပါလက်စတိုင်းများငါးဖမ်းခွင့်ပါမစ် တိုးချဲ့ရရှိရန် တောင်းဆိုနေသည်။ အစ္စရေးတို့ကလည်း အပြန်အလှန်အားဖြင့် ဂါဇာနယ်ခြားတွင် ဆန္ဒပြမှုများ ရပ်ဆိုင်းရန် အလိုရှိနေသည်။
    အနောက်ဘက်ကမ်းခြေတွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်က အစ္စရေးသည် အမေရိကန်နှင့်အတူ ဂါဇာတွင် ဟားမတ်စ်အုပ်စိုးမှုအမြစ်တွယ်ရန် ကူညီနေကြောင်းစွပ်စွဲခဲ့သည်။ 
ထို့အပြင် ဟားမတ်စ်တို့သည် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်ဒေသအပါအဝင် လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကို အနှောင့်အယှက်ပြုနေကြောင်းလည်း အဘတ်စ်က ပြောဆိုခဲ့သည်။