ဂျေ ၂၀ တိုက်လေယာဉ်သစ်တွင် တပ်ဆင်သည့် ဒုံးကျည်များကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြသ

ဂျေ ၂၀ တိုက်လေယာဉ်သစ်တွင် တပ်ဆင်သည့် ဒုံးကျည်များကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြသ

တရုတ်နိုင်ငံသည် ၄င်း၏ ခေတ်အမီဆုံးဂျေ ၂၀ တိုက်လေယာဉ်သစ်များတွင် တပ်ဆင်သည့် ဒုံးကျည်များကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

ဂွမ်ဒေါင်းပြည်နယ်၊ ဇူဟိုင်းမြို့တွင်ပြုလုပ်သည့် ဇူဟိုင်း နိုင်ငံတကာလေကြောင်းပြပွဲတွင် နိုဝင်ဘာ ၁၂ ရက်က ဂျေ ၂၀ တိုက်လေယာဉ်များ ဖြတ်ကျော်ပျံသန်းပြခိုက် ဒုံးကျည်သိုလှောင်ခန်းတံခါးများ ဖွင့်လှစ်ပြသခဲ့ပုံကို ဂလိုဗယ်တိုင်းမ် သတင်းစာနှင့် တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။ 
လေယာဉ်တစ်စင်းလျှင် ကိုယ်ထည်အောက်၌ ဒုံးကျည်လေးစင်းနှင့် ကိုယ်ထည်ဘေးတစ်ဘက်တစ်ချက်စီတွင် ဒုံးကျည်တစ်စင်းစီ တပ်ဆင်ထားကြောင်း တွေ့ရှိခဲ့ရသည်။
    ကိုယ်ထည်အောက်မှ ဒုံးကျည်လေးစင်းသည် တာဝေးပစ် ဝေဟင်မှဝေဟင်ခွင်းဒုံးကျည်များဖြစ်ပြီး ကိုယ်ထည်ဘေးမှ ဒုံးကျည်များသည် လေယာဉ်ချင်း ထွေးလုံးရစ်ပတ် တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် တာတိုပစ်ဒုံးကျည်များဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြသည်။
    တရုတ်လေတပ်တည်ထောင်မှု ၆၉ နှစ် ပြည့်မြောက်ချိန် သရုပ်ပြပျံသန်းမှုလည်းဖြစ်ပြီး ဂျေ ၂၀ တိုက်လေယာဉ်သည် အမေရိကန်ထိပ်တန်းတိုက်လေယာဉ်များဖြစ်သည့် အက်ဖ် ၂၂ နှင့် အက်ဖ် ၃၅ တို့နှင့် လေကြောင်းအကဲသာမှု ယှဉ်ပြိုင်နိုင်ရန် တရုတ်လေတပ်တွင် ယုံကြည်မှုများတိုးပွားလာကြောင်း ဂလိုဗယ်တိုင်းမ်က ပြောသည်။
    ဂျေ ၂၀ တိုက်လေယာဉ်များသည် ဒုံးကျည်မျိုးစုံ တပ်ဆင်နိုင်စွမ်းရှိကြောင်း၊ ဒုံးကျည်များအပြည့်အဝ တပ်ဆင်ထားသည့်တိုင် လှုပ်ရှားနိုင်စွမ်းမှာ ကျဆင်းသွားခြင်းမရှိကြောင်းလည်း တရုတ်တို့က ပြောဆိုသည်။ ဂျေ ၂၀ တိုက်လေယာဉ်သည် ကမ္ဘာပေါ်ရှိလက်တစ်ဆုပ်စာ ပဉ္စမမျိုးဆက်တိုက်လေယာဉ်များတွင် ပါဝင်ပြီးအနာဂတ်တွင် အင်ဂျင်သစ်နှင့် ဒုံးကျည်သစ်များဖြင့် မွမ်းမံသွားမည်ဖြစ်ကြောင်း၊ အမေရိကန် အက်ဖ် ၂၂ သည် နည်းပညာ ခေတ်နောက်ကျနေပြီး အက်ဖ် ၃၅ သည်လည်း နဂိုမူလချွတ်ယွင်းချက်များရှိနေကြောင်း ဂလိုဗယ်တိုင်းမ်က ဖော်ပြခဲ့သည်။