ထရမ့်ပုံစံ အမျိုးသားရေးဝါဒကို ပြင်သစ်၊ ဂျာမနီ၊ ကုလသမဂ္ဂခေါင်းဆောင်များ ဝေဖန်

ထရမ့်ပုံစံ အမျိုးသားရေးဝါဒကို ပြင်သစ်၊ ဂျာမနီ၊ ကုလသမဂ္ဂခေါင်းဆောင်များ ဝေဖန်

ပါရီ၌ ကျင်းပသည့် ပထမကမ္ဘာစစ်ပြီးဆုံးသည့် နှစ် ၁၀ဝ ပြည့်အခမ်းအနားတွင် ငြိမ်းချမ်းရေးကို တစ်ကျော့ပြန် ခြိမ်းခြောက်မှုအဖြစ် သမ္မတထရမ့်ပုံစံ အမျိုးသားရေးဝါဒ ခေါင်းထောင်လာကြောင်း ပြင်သစ်သမ္မတ၊ ဂျာမနီဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတို့က အသီးသီးပြစ်တင်ဝေဖန်ခဲ့ကြသည်။

အခမ်းအနားတွင် အောင်ပွဲခံမုခ်ဦးဆီ နိုင်ငံခေါင်းဆောင်များ အမှတ်တရစုဝေးချီတက်ကြပြီး ယင်း၌ အမေရိကန်သမ္မတထရမ့်နှင့် ရုရှားသမ္မတပူတင်တို့ ပါဝင်ခဲ့ခြင်းမရှိပေ။ ပါရီတွင် သမ္မတထရမ့်၏ ယာဉ်တန်းကို အစွန်းရောက်အမျိုးသမီးရေးရာလှုပ်ရှားသူသုံးဦးက အပေါ်ပိုင်းဗလာဖြင့် နှောင့်ယှက်ရန်ကြိုးပမ်းခဲ့ပြီး ၄င်းတို့ အဖမ်းခံခဲ့ရသည်။
    အခမ်းအနားတွင် အိမ်ရှင်ပြင်သစ်သမ္မတ ဧမာနွေလမာခရွန်က အမျိုးသားရေးဝါဒသည် ပြည်ချစ်ဝါဒကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း၊ အခြားသူများမည်သို့ထိခိုုက်စေ မိမိအကျိုးစီးပွား ရှေ့တန်းတင်ခြင်းသည် နိုင်ငံတစ်ခု၏တန်ဖိုးကိုဖျက်ဆီးရာရောက်ကြောင်း မိန့်ခွန်းပြောဆိုခဲ့သည်။ 
အမှတ်တရအခမ်းအနားအပြီးတွင် ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပခဲ့ရာ၌ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်နှင့် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်တို့က ဥပဒေအခြေပြုသည့် နိုင်ငံတကာအစီအစဉ်ကို ခြိမ်းခြောက်နေသည့် အမျိုးသားရေးဝါဒ မြင့်တက်လာကြောင်း သတိပေးခဲ့ကြသည်။
    မျက်မှန်စိမ်းတပ်အမျိုးသားရေးဝါဒအမြင်များ မြေပြင်ပေါ်တစ်ဖန် နေရာပြန်ရလာမည်ကို စိုးရိမ်ကြောင်း မာကယ်က ပြောဆိုခဲ့ပြီး ဥရောပငြိမ်းချမ်းရေးအစီအစဉ်အတွက် မေးခွန်းထုတ်စရာဖြစ်လာပြီလောဟု ပြောဆိုခဲ့သည်။

ဂူတားရက်စ်ကလည်း ၂၀ ရာစုအစပိုင်းနှင့် ၁၉၃၀ ပြည့်နှစ်များကို နှိုင်းယှဉ်ပါက မမျှော်လင့်သည့်ကွင်းဆက်ဖြစ်ရပ်များ ပေါ်ပေါက်လာနိုင်သည့်အခြေအနေများ တူညီနေသည်ကို ရတက်မအေးကြောင်း ပြောဆိုခဲ့သည်။
    ၂၀၁၅ ခုနှစ်မှစတင်၍ ဂျီဟတ်အစွန်းရောက်များ တိုက်ခိုက်ခံခဲ့ရသည့် ပါရီတွင် အစ္စရေးဝန်ကြီးချုပ်၊ တူရကီသမ္မတနှင့် ကနေဒါဝန်ကြီးချုပ်အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၇၀ ခန့် ရောက်ရှိနေ၍ ရဲတပ်ဖွဲ့ ၁၀ဝ၀ဝ ကျော် လှည့်လည်စောင့်ကြပ်ခဲ့သည်။