ဗဟိုအမေရိကနိုင်ငံများမှ ထောင်ချီသော ရွှေ့ပြောင်းခိုလှုံသူ လူစုကြီးသည် အမေရိကန်နယ်စပ်အရောက် ခရီးဆက်လျက်ရှိရာ နောက်ဆုံးခရီးပိုင်းအဖြစ် မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
မက္ကဆီကို အလယ်ပိုင်း ကရစ်တိုမြို့သို့ နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အတွင်း ရွှေ့ပြောင်းခိုလှုံသူ ၆၅၃၁ ဦးဝင်ရောက်ခဲ့ပြီး မြို့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးထားသော နားနေစခန်း သုံးခုတွင် စခန်းချခဲ့ကာ နိုဝင်ဘာ ၁၁ ရက်တွင် ခရီးဆက်သွားခဲ့ကြသည်။
ခိုလှုံသူများသည် ကရစ်တိုမှ အနောက်ဘက် ၆၂ မိုင်ဝေးသော ဂွမ်နာဂွာတိုပြည်နယ်သို့ ကားကြုံများစီးကာ ဆက်လက်ထွက်ခွာသွားခဲ့ကြပြီး ဒေသဆိုင်ရာ အာဏာပိုင်များက ကားကြုံများ စီစဉ်ပေးလိုက်ကြသည်။ ရွှေ့ပြောင်းခိုလှုံသူ လူစုကြီးသည် အမေရိကန်နှင့် မက္ကဆီကို နယ်စပ်ရှိ တီဂွာနာမြို့သို့ မကြာမီ ရက်ပိုင်းအတွင်း ရောက်ရှိသွားဖွယ်ရှိနေသည်။ တီဂွာနာသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဒီယေဂိုမြို့နှင့် မိုင် ၁၆၀ဝ အဝေးတွင် တည်ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ခိုလှုံသူ လူစုကြီးကို တားဆီးရန် နယ်စပ်တွင် တပ်ဖွဲ့ဝင် ငါးထောင် ထပ်တိုးချထားသည်။ ခိုလှုံသူများထဲတွင် အကြမ်းဖက်သမားများ ပါလာနိုင်သည်ဟုလည်း သက်သေမရှိဘဲ သမ္မတ ထရမ့်က စွပ်စွဲပြောကြားထားသည်။
ခိုလှုံသူများသည် ဟွန်ဒူးရက်စ်၊ ဂွာတီမာလာ၊ အယ်ဆာဗေဒိုး၊ နီကာရာဂွာ စသည့် နိုင်ငံများမှဖြစ်ပြီး ကုန်းလမ်းခရီးဖြင့် ရက်သတ္တပတ်များစွာ ချီတက်ခဲ့ကြခြင်းဖြစ်ကာ ၎င်းတို့နိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုဘေး၊ ရာဇဝတ်ဂိုဏ်းများဘေး၊ နိုင်ငံရေးဘေးများကြောင့် ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ဆိုထားကြသည်။
မက္ကဆီကို အစိုးရသည် ခိုလှုံသူများကို ခိုလှုံသူဗီဇာ၊ အလုပ်ဗီဇာများ ထုတ်ပေးကာ ဆွဲဆောင်ခဲ့သော်လည်း အများစုသည် မက္ကဆီကိုတွင် သောင်တင်မနေလိုဘဲ အမေရိကန်သို့သာ ဦးတည်ချီတက်ရန် ရွေးချယ်ခဲ့ကြသည်။

















