အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းနေသော တောမီးကြောင့် သေဆုံးသူ ၃၁ ဦး ရှိလာပြီဖြစ်သလို၊ လူ ၂၀ဝ ဝန်းကျင်သည်လည်း အခြေအနေ အတည်မပြုနိုင်သေးဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်။
ပြည်နယ်မြောက်ပိုင်းရှိ ကမ့် တောမီးကြောင့် သေဆုံးသူသည် ၂၉ ဦးထိ ရှိလာပြီဖြစ်ကာ ထိုနေရာသည် အခြေအနေ အပြင်းထန်ဆုံးဖြစ်သည်။ ကမ့်ဖိုင်းယား တောမီးသည် လော့စ်အိန်ဂျလိ၌ ၁၉၃၃ ခုနှစ်က ဂရစ်ဖစ်ပါ့ခ် တောမီးနှင့် သေဆုံးနှုန်းချင်း တန်းတူအဆင့်သို့ ရောက်ရှိလာကာ ပြည်နယ်သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံး တောမီးအဖြစ်လည်း မှတ်တမ်းဝင်နေပြီဖြစ်သည်။
ပြည်နယ်တောင်ပိုင်းရှိ ဝူလ်ဆေ တောမီးကြောင့်လည်း လူ နှစ်ဦး သေဆုံးခဲ့ကာ မာလီဘူ အပန်းဖြေစခန်းကိုလည်း မီးသင့်ခဲ့သည်။
ပြည်နယ်အတွင်း လောင်ကျွမ်းနေသည့် အဓိကတောမီးကြီး သုံးခုကြောင့် လူပေါင်း နှစ်သိန်းခွဲဝန်းကျင် နေအိမ်စွန့်ခွာ ရှောင်တိမ်းနေရသည်။ လေထန်နေသဖြင့် တောမီး ပိုမြန်မြန်ပျံ့နှံ့မှာ စိုးရိမ်နေရသောကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်းက သဘာဝဘေးအဖြစ် ကြေညာပေးရန် သမ္မတ ဒေါ်နယ်ထရမ့်ထံ အကြောင်းကြားထားသည်။
သဘာဝဘေးအဖြစ် ကြေညာမှသာ ပြည်ထောင်စုအဆင့် ရန်ပုံငွေများ၊ အကူအညီများ ရရှိကာ တောမီးငြှိမ်းသတ်ရေး အရှိန်မြှင့်နိုင်မည်ဖြစ်သည်။
ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုများ မြင့်တက်နေရခြင်းမှာ သစ်တောစီမံခန့်ခွဲမှု ညံ့ဖျင်းသောကြောင့်ဟု သမ္မတ ထရမ့်က ပြီးခဲ့သည့်ရက်ကပင် ပြစ်တင်ပြောကြားထားသည်။ ပါရာဒိုက်စ်မြို့တွင် လူနေအိမ်နှင့် စီးပွားလုပ်ငန်း အဆောက်အဦ ၆၇၀ဝ ကျော် မီးသင့်ပျက်စီးခဲ့သည်။
ပါရာဒိုက်စ်မြို့အနီး လောင်ကျွမ်းသော တောမီးသည် ပြည်နယ်တောမီးသမိုင်းတစ်လျှောက် ပစ္စည်းဥစ္စာ ဖျက်ဆီးမှု တန်ဖိုးအကြီးဆုံး တောမီးအဖြစ်လည်း မှတ်တမ်းဝင်သည်။ မြေ ၁၀၉၀ဝ၀ ဧက လောင်ကျွမ်းခဲ့ကာ ၂၅ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်သေးသည်။

















