တောင်ဥက္ကလာပမြို့နယ်တွင် အငှားယာဉ်မောင်းလည်ပင်းကို ဓါးဖြင့်ထောက်ကာ ငွေများလုယူခဲ့သူ နှစ်ဦးကို လှည့်ကင်းအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့သည်။
အဆိုပါနေ့ နံနက် ၃ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၌ ရတနာလမ်းမှ သုမင်္ဂလာလမ်းဘက်သို့ ထွက်ပြေးသူ အမျိုးသားနှစ်ဦးနောက်သို့ ရန်နိုင်ဦး(၃၄)နှစ်က ၄င်းမောင်းနှင်သည့် အငှားယာဉ်ဖြင့် မောင်းနှင်လိုက်ပါလာပြီး “ပိုက်ဆံလုယူ သွားကြောင်း” အော်ဟစ်အကူအညီတောင်းခဲ့သည်။
ထိုသို့အကူအညီတောင်းခံမှုကို လှည့်ကင်းဆောင်ရွက်နေသည့် တောင်ဥက္ကလာပမြို့မရဲစခန်း၊ ရဲတပ်ဖွဲ့ ဝင်များက လိုက်လံဖမ်းဆီးရာ ရတနာလမ်းနှင့် မာဃလမ်းဆုံ၌ နေစိုးအောင်(ခ)ဘိုတုတ်(၃၆)နှစ်ကို ဖမ်းဆီးရမိခဲ့သည်။
၄င်းကို စစ်ဆေးချက်အရ ထွက်ပြေးသွားသူမှာ သန်းဌေးအောင်(၂၆)နှစ်ဖြစ်ကြောင်းသိရပြီး ၎င်းတို့ နှစ်ဦးသည် ယာဉ်မောင်းဖြစ်သူ ရန်နိုင်ဦး၏ လည်ပင်းကို ဓားဖြင့်ထောက်၍ ငွေများလုယက်ယူဆောင်ခဲ့ကြောင်း ထွက်ဆိုသောကြောင့် ၄င်းတို့ နှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ)၁၃၂၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ အမှုဖွင့်ခဲ့ပြီး တိမ်းရှောင်နေသူ သန်းဌေးအောင်ကို ဖမ်းဆီးစစ်ဆေးနိုင်ရန် စုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းနေစဉ် တာမွေအဝိုင်းထိပ် ခုံးတံတားအောက်တွင် သန်းဌေးအောင်ရောက်နေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးခဲ့ပြီး လုယူခဲ့သည့် ကျပ် ၁၃,ဝ၀ဝ နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အရိုး/အသွား ရှစ်လက်မခန့်ရှိ စတီးဓားတစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။
















