မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် စပယ်ယာဘီးပြုတ်ထွက်ရာမှ ယာဉ် နှစ် စီးမျက်နှာချင်းဆိုင်တိုက်မိပြီး တစ်ဦးသေဆုံးကာ ၂၁ ဦးဒဏ်ရာရရှိခဲ့မှု နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာ ကားလမ်း မိုင်တိုင်(၅၀၃/၅) အနီး၌ တံတားဦးမှမြို့သာသို့ ကျော်သူ(၂၅)နှစ် မောင်းနှင်ပြီး ဦးတိုးစိန် (၄၅)နှစ်ပါ အမျိုးသားနှစ်ဦး လိုက်ပါလာသည့် Isuzu ယာဉ်သည် ယာဉ်၏ အောက်တွင် တပ်ဆင် ထားသော စပယ်ယာဘီးပြုတ်ထွက်၍ နောက်ဘီးနှင့်နင်းမိကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိခဲ့သည်။
ထို့နောက် မျက်နှာချင်းဆိုင်မှ ဦးတင်စိုး(၅၇)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးကျော်တင်(၅၃) နှစ်ပါ၂၀ ဦး တို့ လိုက်ပါလာသည့် Light Truck ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ပြီး Isuzu ယာဉ်မောင်း ကျော်သူမှာ ထွက်ပြေးသွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်တွင်လိုက်ပါလာသူ ဒေါ်ကောင်းတင် (၇၀)နှစ်တွင် ရင်ဘတ် ညိုမဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။
ထို့ပြင် ဦးကျော်တင်ပါ ရှစ်ဦးတို့မှာ ဦးခေါင်း၊ နဖူး၊ ရင်ဘတ်၊ ဝဲ/ယာလက်မောင်း၊ ပေါင်ပေါက်ပြဲ နာကျင်ဒဏ်ရာများရရှိကာ ဦးစန်းနိုင်(၄၁)နှစ်ပါ ၁၁ ဦးနှင့် Isuzu ယာဉ်မှ ဦးတိုးစိန်ပါ အမျိုးသားနှစ်ဦးတို့တွင် ဦးခေါင်း၊ ဝဲမျက်ခုံး၊ ရင်ဘတ်၊ ဝမ်းဗိုက် ပေါက်ပြဲနာကျင် ဒဏ်ရာများရရှိခဲ့သဖြင့် တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။
ထိုသို့တင်ပို့ကုသစဉ် ဦးကျော်တင်ပါ ၁၁ ဦးတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ရသောကြောင့် ယာဉ်မောင်းကျော်သူကို အရေးယူပေးရန် သက်ဆိုင်ရာက အမှုဖွင့်တိုင်ကြားခဲ့သည်။
တံတားဦးမြို့မရဲစခန်းက ယာဉ်(ပ)၁၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။

















