သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ အနီး စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရောင်းချသူ ၄ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၁ ရက်တွင်ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် သာစည်မြို့နယ်၊ ယင်းမာပင် ကျေးရွာ၊ တောင်ကြီး - မိတ္ထီလာသွားကားလမ်းတွင် မျိုးခိုင်ဇော်(ခ)မျိုးခန့်ဇော် (၃၆)နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို မူးယစ်ရဲတပ်ဖွဲ့စု(၁၈) မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ ရှာဖွေခဲ့သည်။
ယာဉ်မောင်းထိုင်ခုံဘေးတူးဘောက်အတွင်းရှိ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၂၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အားလည်းကောင်း၊ ဆက်လက်၍ အဆိုပါနေရာအနီးတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အားသွားရောက်စစ်ဆေးရာယာဉ်ဘေးတွင် သန်းမောင်(၂၇)နှစ်၊ ခွန်တဟွန်း(၄၁)နှစ်နှင့် မနန်းငွေကြည်(၃၇)နှစ်တို့အားတွေ့ရှိပြီး ခွန်တဟွန်းကိုင်ထားသည့် အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြားနှင့် လက်ကိုင် ဖုန်း ၁ လုံးတို့ကိုဆက်လက် သိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားသည်။

















