အလုံမြို့နယ်အတွင်း ဓားပြမှုကျူးလွန်သူများအနက် ငါးဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေပြီး ဓားစာခံ အဖြစ်ခေါ်ဆောင်သွားသူပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
၎င်းတို့ ခေါ်ဆောင်သွားသည့် ဓားစာခံဦးမြင့်စိန်ကို နိုဝင်ဘာ ၁၂ ရက် ည ၇ နာရီခွဲခန့်တွင် ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်ရှေ့၌ လင်ခရူဆာယာဉ်နှင့်အတူ ပြန်လည်တွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ရက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သန်လျင်မြို့နယ်နေ ဦးကျော်မြင့်သည် အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက် ဗဟိုအမျိုးသမီးဆေးရုံရှေ့ ဗဟိုလမ်း ခြံအမှတ် ၅၁( ခ )၌ ဖွင့်လှစ်ထားသည့် မိသားစုပိုင်ကုမ္ပဏီမှ တူဖြစ်သူနှင့်အတူ နေအိမ်သို့ ကားဖြင့်ပြန်လာစဉ် ဗဟိုလမ်းမီးပွိုင့်အကျော်အရောက် ကုမ္ပဏီတွင် ကျန်ရစ်ခဲ့သည့် အစ်ကိုဖြစ်သူ ဦးမြင့်စိန့်(ခ)ဖီးလစ် မှ ကုမ္ပဏီသို့ လိုက်ထရပ်အဖြူရောင်ယာဉ်ဖြင့် လူတစ်စုဝင်ရောက်လာသည်ကို တွေ့ရသဖြင့် အမြန်ပြန် လာရန် ဆက်သွယ်ပြောဆိုခဲ့သည်။ ကုမ္ပဏီဝင်းအတွင်းလိုက်ထရပ်အဖြူရောင်ယာဉ် ရပ်ထားသည်ကိုတွေ့ရပြီး တူဖြစ်သူကို ခြံဝင်း အတွင်းဝင်ရောက်ကြည့်ရှုခိုင်းစဉ် တုတ်၊ ဓားကိုင်ဆောင်သူများခြံဝင်းအတွင်းတွေ့ရကြောင်း ပြောပြသိ ရသဖြင့်အနီးရှိလက်ဖက်ရည်ဆိုင်ထိုင်နေသူများကို အကူညီတောင်းကာ ခြံဝင်းအပြင် ဘက်မှ ဝိုင်းဝန်း ခဲ့သည်။ ထိုသို့ဝိုင်းဝန်းစဉ် အစ်ကိုဖြစ်သူပိုင်လင့်ခရူဇာယာဉ်မှာ ခြံတံခါးကိုတိုက် မောင်းထွက်ပြေးသွားသည်ကို တွေ့ရပြီး လင့်ခရူဇာကားပေါ်တွင် အစ်ကိုဖြစ်သူပါသွားသည်ကို တွေ့ရသဖြင့် ဝါးလုံးဖြင့် ယာဉ် ၂ စီးလုံးကို ရိုက်၍ တားဆီးခဲ့သော်လည်း ဆက်လက်မောင်းနှင်သွားခဲ့သည်။ ၄င်းတို့ထံမှ တစ်ဦးက တိုင်ကြားသူ၏လက်ကိုင်ဖုန်းသို့ ဆက်သွယ်ကာ လိုက်မလာရန်နှင့် ထိုသို့ခေါ်ဆောင်သွားသည်ကို မည်သူမျှမပြောဆိုရန် ပြောကြားခဲ့သည်။
"အိမ်ထဲကို ဝင်လာတဲ့ လူအုပ်စုနဲ့ ပါလာတဲ့ နှစ်ယောက် အိမ်ထဲမှာ ရဲတွေစစ်ဆေးတဲ့ အချိန်မှာ ဖမ်းမိတယ် " ဟု အမျိုးသမီးဆေးရုံအနီး ဈေးရောင်းချသူ ကိုအောင်လွင်က ပြောသည်။
အဆိုပါလူအုပ်စုမှ ၄င်းတို့ ညီအစ်ကိုပိုင်ကုမ္ပဏီကို ဝင်ရောက်စီးနင်းစဉ် အစ်ကိုဖြစ်သူလက်ကိုင်ဖုန်း နှစ် လုံးအပါအဝင် အလုပ်သမားများ၏ လက်ကိုင်ဖုန်း သုံးလုံး၊ စီစီတီဗီအထိုင်စက် တစ်လုံး စုစုပေါင်း ၂၇ သိန်းဖိုးခန့်နှင့် အစ်ကိုဖြစ်သူပိုင် လင့်ခရူဇာ ယာဉ်တို့ကိုလည်းမောင်းနှင်ယူဆောင်သွားသဖြင့်အရေး ယူပေးရန်တိုင်ကြားခဲ့သည်။
" ဖြစ်ဖြစ်ချင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်ဆင်းလာတယ်။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တယ်။ အိမ်ထဲမှာသူတို့ အဖွဲ့ထဲက ကျန်ခဲ့တဲ့ နှစ်ယောက်ကို ဖမ်းမိတယ်။ ကျန်တဲ့ နှစ်ယောက်ကို ဒဂုံအရှေ့ပိုင်းမြို့နယ်ထဲမှာ ဖမ်းမိပြီးတော့ နောက်တစ်ဦးကို တိုက်ကြီးမြို့ နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်။ ထွက်ပြေးနေတဲ့သူတွေကိုလည်း စုံစမ်းနေတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားစဉ် နေအိမ်ခြံဝင်းအတွင်းရှိ ဒဂုံအရှေ့ပိုင်းမြို့နယ်နေ သူရ(၄၂ နှစ်)၊ စိုးကျော်ကျော်လွင်(ခ)ကိုစိုး (၃၄ နှစ်)၊တို့ကိုလည်းကောင်း၊ ဇော်ထူး(ခ)ကရင်(၄၈ နှစ်)နှင့် စောသန်းဦး(ခ)သန်းဦး(၂၉ နှစ်) တို့ကို ဒဂုံအရှေ့ပိုင်းမြို့နယ်အတွင်းမှ လည်းကောင်း၊ ထွန်းထွန်း (၄၂ နှစ်) ကို တိုက်ကြီးမြို့နယ်အတွင်းမှလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
အဆိုပါလူအုပ်စုမှာ ၁၀ ဦးခန့်ရှိပြီး နေအိမ်တွင်းသို့ အနုကြမ်းဝင်ရောက်စီးနင်းစဉ် အလုပ်သမား များကို ရိုက်နှက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။
အနုကြမ်းစီးခံရသည့်နေအိမ်မှာ ပဲလုပ်ငန်း၊ အင်ဂျင်ဝိုင်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း အပါအဝင် စီးပွားရေးများစွာလုပ်ကိုင်လျက်ရှိပြီး ငွေကြေးတောင်းခံရာက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများ က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလုံမြို့မရဲစခန်းက(ပ)၄၃၀/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၅ အရ အမှုဖွင့်ကာ တိမ်းရှောင်နေသူများကို ဆက်လက်စုံစမ်းလျက်ရှိသည်။

















