မီးခံသေတ္တာရိုက်ဖျက်ပြီး သိန်းနှစ်ထောင်နီးပါးဖိုး ရွှေတုံး၊ ရွှေထည်နှင့်ငွေများ ခိုးယူခံရ

မီးခံသေတ္တာရိုက်ဖျက်ပြီး သိန်းနှစ်ထောင်နီးပါးဖိုး ရွှေတုံး၊ ရွှေထည်နှင့်ငွေများ ခိုးယူခံရ

မြောင်းမြမြို့တွင် ကျပ်သိန်းနှစ်ထောင်နီးပါးတန်ဖိုးရှိ ရွှေတုံးများ၊ ရွှေထည်ပစ္စည်းများနှင့်ငွေများ ခိုးယူခံခဲ့ရမှုကို ရဲတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက်တွင် မြောင်းမြမြို့ ၈ ရပ်ကွက် မြဂုဏ်ရည်လမ်းနှင့် ဗောဓိပင်လမ်းထောင့်နေ ကြက်မွေးမြူရေးလုပ်ကိုင်သူ ဦးသန်းဌေးသည် ဇနီး၊မြေးဖြစ်သူတို့နှင့်အတူ နေအိမ်ခြံဝင်းကိုသော့ခေတ်ကာ ရန်ကုန်သို့ ဆေးခန်းသွားပြခဲ့သည်။ 
နိုဝင်ဘာ ၁၂ ရက်ညပိုင်းတွင် နေအိမ်သို့ ပြန်လာပြီး ခြံတံခါးဖွင့်ဝင်စဉ် အိမ်ရှေ့ဝင်ပေါက် တံခါးမကြီးနှင့် နောက်ဖက်ခန်းခြားထားသည့် တံခါးမှာပွင့်နေသည်ကို တွေ့ရပြီး မြေးဖြစ်သူက အဘ အခန်းတံခါးလည်းပွင့်နေကြောင်း ပြောပြသိရသဖြင့် အခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့သည်။ 
အိမ်ခန်းအတွင်း သော့တစ်လုံးခတ်ထားပြီး သော့တစ်လုံးဖြင့် လှည့်ရသည့် မီးခံသေတ္တာမှာ ရိုက်ဖျက်ထားသည့် အနေအထားဖြင့် ပွင့်နေသည်ကိုတွေ့ရသည်။

၄င်းသေတ္တာအတွင်း ရွှေ ၁၀ ကျပ်သား  ၁၅ တုံးအပါအဝင် ရွှေထည်ပစ္စည်း သန်း ၄၀ ဖိုးနှင့် ငွေကျပ် ၂၄ သိန်း စုစုပေါင်းကျပ် ၁၉၀၆၅၀ဝ၀ဝ ဖိုးခန့်ခိုး ယူခံရကြောင်း သိရသဖြင့် အရေးယူပေးရန်သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖောက်ထွင်းခိုးယူသူကို ဖမ်းဆီးရမိရေးအတွက် မြောင်းမြမြို့မစခန်းက ( ပ ) ၁၈၄၆ /၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။