ကြံ့နှင့် ကျား ခန္ဓာအစိတ်အပိုင်းများ ကုန်သွယ်ရောင်းချခွင့် ပိတ်ပင်ထားခြင်းကို အကန့်အသတ်ဖြင့် ရောင်းချခွင့်ပြုရန် တရုတ်အစိုးရက စီစဉ်နေမှုကို သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်းထားလိုက်သည်။
ကြံ့နှင့် ကျားတို့သည် ရှားပါးတောရိုင်းတိရစ္ဆာန်စာရင်း ဝင်လျက်ရှိပြီး တရုတ်သည် ၁၉၉၃ ခုနှစ်ကတည်းက ကြံ့နှင့်ကျား ခန္ဓာအစိတ်အပိုင်းများ ရောင်းဝယ်ခြင်းကို ပိတ်ပင်ထားခြင်းဖြစ်သည်။
သို့သော် ယခုနှစ် အောက်တိုဘာတွင် တရုတ်အစိုးရသည် ကြံ့နှင့်ကျား ခန္ဓာအစိတ်အပိုင်းများကို သိပ္ပံ၊ ဆေးပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရည်ရွယ်ချက်များဖြင့် ရောင်းဝယ်ခြင်းကို ခွင့်ပြုပေးရန် စီစဉ်နေကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။
ကြံ့ချိုကို အမှုန့်အသွင်ဖြင့်လည်းကောင်း၊ ကျားသေမှ အရိုးကိုလည်းကောင်း အသိအမှတ်ပြု လက်မှတ်ရ ဆေးရုံမှ အသိအမှတ်ပြု လက်မှတ်ရ ဆရာဝန်များ အသုံးပြုနိုင်အောင် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ကမ္ဘာ့တောရိုင်းရန်ပုံငွေအဖွဲ့ (WWF) ကလည်း တရုတ်အစိုးရ၏ အစီအစဉ်သည် ဆိုးကျိုးသာများမည့်ကိစ္စဟု ဝေဖန်ခဲ့သည်။
အများပြည်သူ၏ သဘောထားများကို လေ့လာဆန်းစစ်ပြီးနောက်တွင် ခွင့်ပြုပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ ဒုတိယအတွင်းရေးမှူး တင် ဆူတန်က ထုတ်ပြန်ကြေညာခဲ့သည်။
မည်သည့်အချိန်ထိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်းကို အသေးစိတ်ထည့်သွင်း ပြောကြားခြင်း မရှိပေ။ နဂိုမူလအတိုင်း ဆက်လက်ပိတ်ပင်ထားမည်ဟုသာ ဖော်ပြထားသည်။ တရုတ် တိုင်းရင်းဆေးကဏ္ဍတွင် ကြံ့နှင့်ကျား ခန္ဓာအစိတ်အပိုင်းများသည် တန်ဖိုးထားရသော ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။

















