ဂါဇာတွင် အစ္စရေးတပ်ဖွဲ့များ၏ ကိုယ်ပျောက်စစ်ဆင်ရေးတစ်ခုအတွင်း အပြန်အလှန် ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်းလက်နက်ကိုင် ခုနစ်ဦးနှင့် အစ္စရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ရက်အကြာတွင် အစ္စရေးနှင့် ပါလက်စတိုင်းကြား အပြန်အလှန် ပစ်ခတ်မှုများ အရှိန်မြင့်တက်လာခဲ့သည်။
ပါလက်စတိုင်းလက်နက်ကိုင်များက အစ္စရေးနယ်မြေထဲသို့ ဒုံးကျည် အစင်း သုံးရာပစ်ခတ်ခဲ့ပြီး၊ ဒုံးကျည် တစ်စင်းသည် ဘတ်စ်ကား တစ်စီးကို ထိမှန်ကာ အနီးရှိ အစ္စရေးစစ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
အစ္စရေးကလည်း ဟားမာ့စ်နှင့် အစ္စလာမ္မစ် ဂျီဟတ် ပစ်မှတ်များကို အကြိမ် ၇၀ ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကိုင် တစ်ဦးအပါအဝင် ပါလက်စတိုင်းသုံးဦး သေဆုံးခဲ့သည်။
ဂါဇာတွင် ဟားမာ့စ်က ဦးစီးနေသော ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ပါလက်စတိုင်းကိုးဦး ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးဘက်တွင်လည်း ၁၀ ဦး ဒဏ်ရာရရှိကြောင်း အစ္စရေး ဆရာဝန်များက အတည်ပြုထားသည်။
အစ္စရေးမြို့ ရှကယ်လွန်တွင် နေအိမ် ဒုံးကျည်ထိမှန်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
ဟားမာ့စ်သည် အနီရောင်မျဉ်းကို ကျော်ခဲ့ပြီဖြစ်ကြောင်း၊ အစ္စရေးက သံလက်သီးဖြင့် တုံ့ပြန်မည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က သတိပေးလိုက်သည်။ ဂါဇာ ပဋိပက္ခများ အရှိန်မြင့်တက်နေမှုကြောင့် ပြင်သစ်သို့ ရောက်ရှိနေသော အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည်လည်း လုံခြုံရေးအကြီးအကဲများနှင့် ဆွေးနွေးနိုင်ရန် ခရီးစဉ်ကို ရက်လျှော့ချခဲ့ရသည်။

















