တိုကျို၌ရောက်ရှိနေသည့် အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ဂျပန်အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရာတွင် ပိုငွေပြမှုလျှော့ချရေး ပိုမိုကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။
ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးအတွက် မြောက်ကိုရီးယားကိုပိတ်ဆို့မှု ထိန်းသိမ်းထားရန် လိုအပ်ကြောင်းလည်း ပန့်စ်နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ထပ်လောင်းသဘောတူခဲ့ကြသည်။
ဒေသတွင်းနိုင်ငံများကို စွမ်းအင်၊ အခြေခံအဆောက်အအုံမြှင့်တင်ရေးနှင့် ချေးငွေများပံ့ပိုးရေးတွင် ဂျပန်နှင့် အမေရိကန်တို့ ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့ကြသည်။
သမ္မတထရမ့်နှင့် ဝန်ကြီးချုပ်အာဘေးတို့သည် နှစ်ဘက်အကျိုးပြု လွတ်လပ်စွာကုန်သွယ်ရေးစတင်ဆွေးနွေးရန် စက်တင်ဘာတွင် သဘောတူခဲ့ကြပြီး လာမည့်နှစ်အစောပိုင်းတွင် စတင်မည်ဟု မျှော်လင့်ရသည်။ အမေရိကန်သည် တောင်ကိုရီးယား၊ မက္ကဆီကို၊ ကနေဒါတို့နှင့် ကုန်သွယ်ရေးသဘောတူညီမှုများ ရယူခဲ့ပြီးဖြစ်သည်။
ဂျပန်သည် ကာကွယ်ရေး၌ ခြေလှမ်းတိုးတက်မြှုပ်နှံရန် မျှော်လင့်ကြောင်းလည်း ပန့်စ်က ပြောဆိုခဲ့သည်။
ဂျပန်သည် အမေရိကန်နှင့်ကုန်သွယ်ရေးပိုငွေပြမှုလျှော့ချရန် တောင်းဆိုခံနေရသကဲ့သို့ တရုတ်အပေါ်ဆင်နွှဲနေသည့် သမ္မတထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲသက်ရောက်မှုကိုလည်း စိုးရိမ်နေသည်။
အမေရိကန်သည် မြောက်ကိုရီးယားအပေါ် သံတမန်ရေးနှင့် စီးပွားရေး ဆက်လက်ဖိအားပေးမည်ဟု ပန့်စ်က ပြောဆိုခဲ့ပြီး အင်ဒိုပစိဖိတ်နိုင်ငံများအနေဖြင့်လည်း ဖိအားပေးမှုဆက်လက်ထိန်းသိမ်းရန်၊ လုံးဝနျူကင်းစင်သည်အထိ ပိတ်ဆို့မှုများ ပြုလုပ်ရန် ပန့်စ်က တိုက်တွန်းခဲ့သည်။
အာဘေးက ပေကျင်းသို့သွားရောက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ ဂျပန်တရုတ်ဆက်ဆံရေး တိုးတက်လာပုံကို ပန့်စ်အား ရှင်းပြခဲ့သည်။
ပန့်စ်က အမေရိကန်သည် တရုတ်နှင့် မျှတမှု၊ အပြန်အလှန်အကျိုးရှိမှု အခြေခံသည် ဆက်ဆံရေးကို အလိုရှိကြောင်း၊ ဒေသတွင်းတရုတ်လွှမ်းမိုးမှုမြင့်တက်လာခြင်းအပေါ် အမေရိကန်နှင့် ဂျပန် နီးကပ်စွာ ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပန့်စ်သည် တိုကျိုမှထွက်ခွာကာ စင်ကာပူတွင်ကျင်းပသည့် အာဆီယံစည်းဝေးပွဲတွင် ပါပူအာနယူးဂီနီတွင် ကျင်းပမည့် အေပက်ထိပ်သီးစည်းဝေးပွဲတို့သို့ တက်ရောက်မည်ဖြစ်သည်။

















