ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၏ ကျက်သရေဆောင် မဟာတိလောကသယမ္ဘူ ဘုရားကြီးဝင်းအတွင်း၌ တန်ဆောင်မုန်းလပြည့် နေ့ (နိုဝင်ဘာ ၂၂ ရက်) ညပိုင်းတွင် ဆီမီး ၁၀ဝ၀ဝ ထွန်းညှိပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများကို ပထမ အကြိမ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ဆီမီး ၁၀ဝ၀ဝ ပူဇော်ပွဲကို မြို့သူ မြို့သားများနှင့် ဘုရားဖူးလာ ပြည်သူများ အဆင်သင့် ဘုရားမီးပူဇော်ထွန်းညှိနိုင်ရန် အတွက် ဘုရားရင်ပြင်တော်နှင့် ဘုရားဝင်း အတွင်း၌ ဆီမီးခွက်များနှင့် ဖယောင်းတိုင်များ စီစဉ်ပေးထားမည်ဖြစ်ပြီး မိမိတို့ အစီအစဉ် ဖြင့်လည်း လာရောက်ထွန်းညှိပူဇော်နိုင်ကြောင်း၊ ဆီမီး ၁၀ဝ၀ဝ ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မည်သူမဆို လာရောက်ပူးပေါင်း ဆောင်ရွက်နိုင် ကြောင်း ဖြစ်မြောက်ရေးကော်မတီ မှ သိရသည်။
ယင်းဆီမီး ၁၀ဝ၀ဝ ထွန်းညှိပူဇော်ပွဲကို မျိုးဆက်သစ်လူငယ်ပရဟိတအဖွဲ့နှင့် မြို့သူ မြို့သားများပူးပေါင်း၍ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။















