တရုတ်စီးပွားရေးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုလိုအပ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောဆို

တရုတ်စီးပွားရေးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုလိုအပ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောဆို

တရုတ်စီးပွားရေးတိုးတက်ရန် စီးပွားရေးလုပ်ငန်းများကို အားပေးကူညီသည့်အနေဖြင့် လုပ်ထုံးလုပ်နည်းများကို ပြုပြင်ပြောင်းလဲရန်လိုအပ်နေကြောင်း တရုတ်ဝန်ကြီးချုပ် လီကဲ့ချိန်က နိုဝင်ဘာ ၁၃ ရက်တွင်ပြောဆိုခဲ့သည်။

စီးပွားရေးလုပ်ငန်းများမှတ်ပုံတင်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် လုပ်ငန်းလုပ်ခွင့်လျှောက်ထားရာတွင် ငွေပေးသွင်းခြင်းအစရှိသည့် ဗြူရိုကရေစီဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြန်ဆန်ချောမွေ့အောင် လုပ်ဆောင်ခြင်းဖြင့် တိုးတက်မှုနှေးနေသည့် စီးပွားရေးပြန်လည်ဦးမော့အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လီက စင်ကာပူ၌ ပြောဆိုခဲ့သည်။
    ထို့ပြင် ကုန်ပစ္စည်းတံဆိပ်မှတ်ပုံတင်ထားမှုကို ချိုးဖောက်သည့် ကုမ္ပဏီများ၊ ဉာဏပစ္စည်းမူပိုင်ခွင့်ချိုးဖောက်သည့် ကုမ္ပဏီများနှင့် အခြားမမှန်မကန်လုပ်ဆောင်သည့် ကုမ္ပဏီများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း လီကပြောဆိုခဲ့သည်။ 
အမေရိကန်၏နည်းပညာသာလွန်မှုကို ကျော်တက်နိုင်ရန်အတွက် တရုတ်သည် နည်းပညာများရရှိရေးအတွက် အရှက်မရှိသည့် နည်းလမ်းများကိုကျင့်သုံးနေကြောင်း အမေရိကန်က စွပ်စွဲထားသည်။ တရုတ်နှင့် အမေရိကန်တို့သည် ပဲပိစပ်၊ လျှပ်စစ်ကားနှင့် ဝီစကီတို့အပါအဝင် နှစ်နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ် တစ်နိုင်ငံနှင့် တစ်နိ်ုင်ငံ သွင်းကုန်များ အပြိုင်အဆိ်ုင်တိုးမြှင့်ကောက်ခံခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေသည်။
    တရုတ်က ''တံခါးဖွင့်တာကို ရပ်လိုက်မှာမဟုတ်ဘူး၊ တံခါးကိုပိုတောင်ဖွင့်ဦးမှာဖြစ်ပါတယ်၊ ဒါ့အပြင် ပြုပြင်ပြောင်းလဲရေးတွေကိုလည်း ပိုမိုထိရောက်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်၊ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်စနစ်တွေကြောင့် တရုတ်နိုင်ငံ ဒီနေ့လို အနေအထားကိုရောက်လာခဲ့တာဖြစ်ပါတယ်'' ဟု လီက ဆက်လက်ပြောဆိုခဲ့သည်။
    ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်၍ သဘောတူညီမှုရလာမည်ဟု မျှော်လင့်ကြောင်း လီကပြောဆိုခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ယခုလတွင် အာဂျင်တီးနား၌ ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံမည်ဖြစ်သည်။
    အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးရှိမှုနှင့် စိတ်စေတနာကောင်းတို့အပေါ် အခြေခံပြီး ဆွေးနွေးမှုများကို ပြုလုပ်ကာ နှစ်ဖက်စလုံးလက်ခံနိုင်သည့် ရလဒ်ထွက်ပေါ်လာနိုင်မည်ဟု မျှော်လင့်ပါကြောင်း လီကပြောဆိုခဲ့သည်။
    လီ၏စင်ကာပူသို့ခရီးစဉ်သည် နိုဝင်ဘာ ၁၆ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ လီသည် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်မည်ဖြစ်သည်။